Friday, February 14, 2014

Public Policy အကြောင်း တစေ့တစောင်း

အခုခေတ်က ပညာခေတ်လို့ ဆိုရမယ်ထင်တယ်။ ကြီးကြီးငယ်ငယ် ပညာနောက် လိုက်နေကြတာ တွေ့ရတယ်။ အထူးသဖြင့် ငွေကြေး အတန်အသင့် ပြေလည်တဲ့ မြို့ပြ လူတန်းစားတွေ ကြားမှာပေါ့ဗျာ။ အသက်တွေ ၅၀ ကျော်၊ ၆၀ ကျော်တာတောင် ဘွဲ့တွေ၊ ဒီပလိုမာတွေ တစ်ခုပြီးတစ်ခု ယူနေတာ တွေ့နေရတယ်။ ပညာလို အိုသည်မရှိလေ။ ဒါပေမဲ့ ပညာရေးဆိုတာ ဘယ်တော့မှ မဆုံးဘူးဗျ။ များများတက်တာထက် များများတတ်ဖို့ အရေးကြီးတယ်။ ဒါတွေက အခုမှတော့ မဟုတ်ပါဘူး။ အရင်ကတည်း ကလည်း ရှိပါတယ်။ ဆိုလိုတာ တချို့ဆို သင်တန်းတွေသာ လိုက်တက်နေတာ သင်တန်းက သင်ခဲ့တာတွေ ပြန်မမှတ်မိတာမျိုး၊ ပြန်အသုံးမချ နိုင်တာမျိုးတွေ ရှိတယ်။ ဒီတော့ ကိုယ်သင်ခဲ့တာ၊ ကိုယ်တတ်ခဲ့တာကို ပြန်အသုံးချနိုင်မယ့် ခွင်တစ်ခုတော့ ရှာဖို့လိုတယ်။ မဟုတ်ရင် ဘွဲ့တွေများပြီး အမြီးတွေသာ ရှည်မယ်။ မေးရင်၊ ဆွေးနွေးရင် ဘယ်ကစရမလဲမသိ ဖြစ်နေတတ်တယ်။ အခုလည်း Public Policy ဆိုပြီး လူတွေကြားမှာ စိတ်ဝင်စား နေကြပြန်ပြီ။ အများပြည်သူဆိုင်ရာ မူဝါဒ ရေးရာတွေပေါ့ဗျာ။

Policy ဆိုတာ လူတစ်ဦးချင်းကနေ နိုင်ငံအဆင့်အထိ အသုံးပြုလို့ ရပါတယ်။ လူတိုင်းမှာ သူ့ပေါ်လစီနဲ့ သူရှိသလို နိုင်ငံတစ်နိုင်ငံ မှာလည်း ဖွံ့ဖြိုးရေးပေါ်လစီ၊ လုံခြုံရေး ပေါ်လစီ၊ နိုင်ငံခြားရေးပေါ်လစီ စသဖြင့် ပေါ်လစီအမျိုးမျိုး ရှိပါတယ်။ စာရေးသူတို့ အခုဆွေးနွေးမှာ လူမှုဘဝ ဖွံ့ဖြိုးရေးဆိုင်ရာ ပြည်သူ့ရေးရာ ပေါ်လစီ ဖြစ်ပါတယ်။ တကယ်တော့ Public Policy ဆိုတာ အများကြီး ကျယ်ပြန့်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ Public Policy ဆိုတာကို သမိုင်းကြောင်းတွေ၊ အဓိပ္ပာယ် ဖွင့်ဆိုချက် အမျိုးမျိုးတွေနဲ့ အသေးစိတ် မဆွေးနွေးပါဘူး။ စာရေးသူ အမေရိကမှာ နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဘွဲ့ယူခဲ့စဉ် သင်ကြားခဲ့ရတဲ့ Public Policy ဆိုင်ရာ သတင်း အချက်အလက် အချို့ကိုတော့ ဝေငှဆွေးနွေးပါမယ်။ အဲဒီမှာ သင်တန်းမပြီးခင် စာရေးသူ မိတ်ဆွေ နိုင်ငံတကာ ကျောင်းသားတွေနဲ့အတူ ကိုယ်စိတ်ဝင်စားရာ ခေါင်းစဉ်တွေအပေါ် အခြေပြုပြီး တစ်ဦးချင်းစီ Power Point Presentation တွေလုပ်ရပါတယ်။ နိုင်ငံတကာ ကျောင်းသားတွေရဲ့ အတွေးအခေါ် စိတ်ကူးစိတ်သန်းတွေ ဖြစ်လို့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ အဲဒီကတည်းက တစ်ချိန်မှာ သူတို့ရဲ့ Public Policy ဆိုင်ရာ Presentation တွေအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးမယ်လို့ စိတ်ကူး ရှိခဲ့ပါတယ်။

၂၀၀၉ ခုနှစ်က ဆိုတော့ ကြာခဲ့ပါပြီ။ စာရေးသူကို Public Policy ဆိုတာ ဘာလဲလို့ မေးနေသူ တချို့အတွက် အဲဒီတုန်းက မိတ်ဆွေ နိုင်ငံတကာ ကျောင်းသားတွေရဲ့ ခွင့်ပြုချက်နဲ့ စုဆောင်းခဲ့တဲ့ မှတ်တမ်းတွေက ဒီဆောင်းပါး ရေးဖို့အတွက် အသုံးဝင်လာပါတယ်။ နိုင်ငံတကာ ကျောင်းသားတွေ ဆိုပေမယ့် သူတို့တင်ပြခဲ့တဲ့ အကြောင်းအရာတွေက ရိုးရှင်းပါတယ်။ Public Paper ကို ရေးသား တင်ပြသူအနေနဲ့ ပထမ ပြဿနာရဲ့ အခြေအနေကို လေ့လာသုံးသပ်တယ်။ Policy Context လို့ သုံးပါတယ်။ အဲဒီ ဏသူငခပ ဃသညအနထအ ပေါ် အခြေခံပြီး ပြဿနာတစ်ခုကို စဉ်းစားတယ်။ Policy Context လို့ခေါ်ပါတယ်။ နောက်မေးခွန်း ထုတ်တယ်။ Policy Question ပေါ့။ Policy Tools တွေဖြစ်တဲ့ Stakeholder Analysis တို့၊ Problem Tree Analysis တို့၊ SWOT တို့ဆိုတာလည်း ပါတာပေါ့ဗျာ။ ဒီဆောင်းပါးမှာ ကိုရီးယား၊ မက္ကဆီကို၊ အမေရိက၊ အိန္ဒိယနဲ့ မာလာဝီနိုင်ငံတွေက ကျောင်းသား၊ ကျောင်းသူတချို့ရဲ့ Public Policy ဆိုင်ရာ အတွေးအခေါ် အယူအဆတွေကို အစီအစဉ်အလိုက် ဗဟုသုတအလို့ငှာ ထုတ်နုတ် တင်ပြပါမယ်။

ပေါ်လစီပြဿနာ (Policy Problem)

တောင်ကိုရီးယားနိုင်ငံရဲ့ Ulsam မှာ ဦးနှောက် အားစိုက်ထုတ် သုံးစွဲရတဲ့ ပညာတတ် လူတန်းစားတွေ အလုပ်လုပ်နိုင်ခွင့် အခွင့်အလမ်းတွေ နည်းပါး လျော့ကျနေပြီး ကိုယ်ကာယ စိုက်ထုတ်သုံးစွဲရတဲ့ စက်ရုံ၊ လုပ်ငန်းတွေ တိုးပွားနေတယ်။

ပေါ်လစီမေးခွန်း (Policy Question)

Ulsan Metropolitan City Government အနေနဲ့ Ulsan မှာ ဉာဏ အားပြုရတဲ့ ကုမ္ပဏီ၊ လုပ်ငန်းတွေ ထိထိရောက်ရောက် ရှင်သန် ကြီးထွားလာအောင် ဘယ်လိုလုပ်နိုင်သလဲ၊ ဘာတွေ လုပ်သင့်သလဲ။

ပေါ်လစီပြဿနာ (Policy Problem)

တောင်ကိုရီးယားနိုင်ငံရဲ့ ပြည်ပဖွံ့ဖြိုးရေး အကူအညီ ပေးအပ်မှု (ODA) နည်းပါးခြင်းဟာ တောင်ကိုရီးယားကို OECD-DAC အဖွဲ့ဝင် ဖြစ်ခြင်းမှ အဟန့်အတား ဖြစ်နေစေပြီး နိုင်ငံတကာမှာ တောင်ကိုရီးယားရဲ့ပုံရိပ်ကို ကျဆင်းစေတယ်။

ပေါ်လစီမေးခွန်း (Policy Question)
တောင်ကိုရီးယားနိုင်ငံရဲ့ ODA ပမာဏကို OECD-DAC အဖွဲ့ဝင်တွေရဲ့ ပျမ်းမျှ Level ရောက်အောင် တိုင်းပြည်ရဲ့ စီးပွားရေးလည်း မထိခိုက်စေဘဲ ဘယ်လိုမြှင့်ရမလဲ။

ပေါ်လစီပြဿနာ (Policy Problem)

မက္ကဆီကို အစိုးရဟာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ဖို့အတွက် ရေရှည်တည်တံ့မယ့် အစီအစဉ်တစ်ရပ် ဖော်ဆောင်ရာမှာ ရန်ပုံငွေ၊ ဝင်ငွေချို့တဲ့မှုနဲ့ ရင်ဆိုင်ကြုံတွေ့ နေရပါတယ်။

ပေါ်လစီမေးခွန်း (Policy Question)
မက္ကဆီကိုအစိုးရအနေနဲ့ ဘတ်ဂျက် လိုငွေပြမှုမဖြစ်ပေါ်စေဘဲ ဆင်းရဲမွဲတေမှု တိုက်ဖျက်ဖို့အတွက် လိုအပ်တဲ့ရန်ပုံငွေကို ဘယ်လိုမြှင့်တင်နိုင်မလဲ။

ပေါ်လစီပြဿနာ (Policy Problem)

အာဖရိကတိုက်ရဲ့ ယူဂန္ဓာနိုင်ငံမှာ HIV/AIDS ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်နေပါတယ်။

ပေါ်လစီမေးခွန်း (Policy Question)

ယူဂန္ဓာ အကူအညီပေးရေး ကော်မရှင် (Uganda Aids Commission) အနေနဲ့ နိုင်ငံမှာ HIV/AIDS ကူးစက် ဖြစ်ပွားမှုနှုန်း လျော့ကျအောင် ဘာလုပ်ပေးနိုင်သလဲ။

ပေါ်လစီပြဿနာ (Policy Problem)

အိန္ဒိယနိုင်ငံမှာ အခြေခံပညာရေး (ထက်/လယ်/မူ) မပြီးဆုံးခင် မိန်းကလေး ကျောင်းသူတွေရဲ့ ကျောင်းထွက်နှုန်းက မြင့်မားနေပါတယ်။

ပေါ်လစီမေးခွန်း (Policy Question)

လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနအနေနဲ့ ဒီလို အခြေခံပညာရေးအဆင့်မှာ မိန်းကလေး ကျောင်းထွက်မှုနှုန်း မြင့်တက်နေတာကို ဘယ်လို ကုစားနိုင်မလဲ။

ပေါ်လစီပြဿနာ (Policy Problem)

မာလာဝီနိုင်ငံ၊ ကာရွန်ဂဆိုတဲ့ ဒေသမှာ နေထိုင်တဲ့ ဒေသခံ ပြည်သူတွေဟာ အဲဒီမှာရှိတဲ့ ယူရေနီယမ်သတ္တု တူးဖော်ရှာဖွေရေး လုပ်ငန်းတွေကတစ်ဆင့် သက်ရောက် လာနိုင်တဲ့ အန္တရာယ်တွေကနေ လူမှုရေး ကာကွယ် စောင့်ရှောက်မှုတွေ မရှိဘဲ ဆိုးဆိုးဝါးဝါး ချို့တဲ့နေပါတယ်။

ပေါ်လစီမေးခွန်း (Policy Question)

မာလာဝီ အစိုးရအနေနဲ့ ကာရွန်ဂ ဒေသခံတွေအပေါ် ခြိမ်းခြောက်နေတဲ့ ယူရေနီယမ် မိုင်းတွင်းက လူမှုရေး ဆိုးကျိုးတွေရဲ့ အန္တရာယ်ကို ဘယ်လို ကာကွယ်မှုတွေ စီမံဆောင်ရွက်သင့်သလဲ။

အခုတင်ပြခဲ့တာတွေက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမယ့်၊ လူမှုရေးရာ ပြဿနာတွေကို လျော့ပါး ဖြေရှင်းစေမယ့် အများပြည်သူဆိုင်ရာ မူဝါဒ ပြဿနာတွေ၊ မူဝါဒဆိုင်ရာ မေးခွန်းတွေပဲ ဖြစ်တယ်။ တကယ်တော့ ဒီ Public Policy ဆိုတာမှာ ပြဿနာ ရင်းမြစ်တွေကို မြင်သိနိုင်မှု၊ ဖြေရှင်းနိုင်မှု စွမ်းရည်တွေ၊ ရေရှည် တွေးခေါ်မျှော်မြင်နိုင်မှု စွမ်းအားတွေ၊ သုတေသနတွေ၊ အကြံပြုချက်တွေ ပါဝင်ပါတယ်။ Public Policy ရဲ့ အစွန်းဆုံး ရည်မှန်းချက်က အများပြည်သူတွေနဲ့ ပတ်သက်တဲ့ သက်သာချောင်ချိရေး ကိစ္စတွေ တိုးတက် မြင့်မားလာစေဖို့ ဖြစ်ပါတယ်။

ဒါကြောင့် ဖွံ့ဖြိုးရေးဆိုင်ရာ Public Policy ဘာသာရပ်ကို သင်ကြားစဉ်မှာ သင်တန်းသား၊ သူဟာ ပြဿနာ အမျိုးမျိုးကို လေ့လာဆည်းပူးရမယ်၊ အဖြေထုတ်ရမယ်၊ အရင်းအမြစ်တွေကို ရှာဖွေရမယ်။ ရေရှည် တည်တံ့မယ့် နည်းလမ်းတွေကို တင်ပြရမယ်။ ကိုယ်တင်ပြတဲ့ Public Policy ဆိုင်ရာ အကြံပြုချက်တွေဟာ မှန်ကန်ပါတယ်ဆိုတာ ခုခံကာကွယ် တင်ပြရမယ်။ အုပ်စုလိုက် ဆွေးနွေးမှုတွေ (Group Work) တွေကတစ်ဆင့် သင်တန်းသား အချင်းချင်း သတင်းအချက်အလက်တွေ ဖလှယ်နိုင်တယ်။ ကိုယ်ရဲ့ ပေါ်လစီဆိုင်ရာ အကြံပြုချက်တွေကို အချင်းချင်းကြားမှာ ချပြ ဆွေးနွေးနိုင်တယ်။ သူ့ပြဿနာ၊ ကိုယ့်ပြဿနာ၊ သူ့ပြဿနာ ဖြေရှင်းနည်း၊ ကိုယ့်ပြဿနာ ဖြေရှင်းနည်း အချင်းချင်း ဝေငှနိုင်တယ်။ ဒါကြောင့် အဲဒီသင်တန်း ပြီးရင် (မဟာဘွဲ့ကို ဆိုလိုပါတယ်) သင်တန်းသား၊ သင်တန်းသူဟာ ကိုယ့်ရဲ့ ဖောက်သည် (Clients) တွေ၊ ဆုံးဖြတ်ချက် ချမှတ်သူ (Decision Makers) တွေဆီ ကိုယ့်ရဲ့ပြဿနာ တစ်ရပ်အပေါ် မူဝါဒ ရေးရာဆိုင်ရာ အကြံပြုချက်တွေကို ရဲရဲဝံ့ဝံ့ တင်ပြနိုင်တဲ့ အရည်အသွေးတွေ ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အရင်ကရော၊ လက်ရှိရော၊ နောင်ရော လိုအပ်ခဲ့တာ၊ လိုအပ်နေတာ၊ လိုအပ်လာမှာ အဲဒီ ပြည်သူ့ရေးရာ မူဝါဒ (Public Policy) ဆိုင်ရာ အကြောင်းအချက်တွေကို ကောင်းမွန်စွာ နားလည်ပြီး လူမှုရေးရာ ပြဿနာတွေအပေါ် ရေရှည်တည်တံ့ ဖြေရှင်းဆောင်ရွက်နိုင်မယ့် မူဝါဒဆိုင်ရာ အကြံပြုချက်တွေ ထိထိရောက်ရောက် ရဲရဲဝံ့ဝံ့ ဖော်ထုတ် တင်ပြဆွေးနွေးနိုင်မယ့် သူတွေ မဟုတ်ပါလားဗျာ။
အောင်အောင် (IR)
The Voice Weekly