Sunday, February 16, 2014

NLDနဲ့ ၈၈ပူးပေါင်းပြီး အခြေခံဥပဒေပြင်မယ်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်တွေကို ပြင်ဆင်နိုင်ဖို့ ကနဦး ခြေလှမ်းအဖြစ် NLD နဲ့ ၈၈ ပူးပေါင်း ဆောင်ရွက်

16 ဖေဖေါ်ဝါရီလ 2014
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခန်း၁၂ ပုဒ်မ ၄၃၆ ကို ပြုပြင် ပြောင်းလဲနိုင်ဖို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဒီကနေ့ နေ့စွဲနဲ့ ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ တနင်္ဂနွေ မနက်က တွေ့ဆုံ ဆွေးနွေးအပြီးမှာ အခုလို ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ပုဒ်မ ၄၃၆ကို မပြင်ပဲ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းဖို့ မဖြစ်နိုင် သလို တိုင်းရင်းသား တန်းတူ ညီမျှရေးလည်း မဖြစ်နိုင်တာကြောင့် ဒါကို အဓိက ဦးစားပေးပြီး ပြင်ဆင်မှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ လူထု ဆက်ဆံရေး တာဝန်ခံ ကိုဂျင်မီက ဘီဘီစီကို ပြောပါတယ်။

အခု ဒီလုပ်ဆောင်ချက်ဟာ ပြုပြင်ပြောင်းလဲရေးအတွက် အရှိန်ယူတဲ့ ကနဦး ခြေလှမ်းတခု ဖြစ်ပြီး အဲဒီကနေ တိုင်းရင်းသား ညီအကို မောင်နှမတွေ၊ ပြည်သူတွေ အားလုံး အတူ ပူးပေါင်း ဆောင်ရွက်သွားနိုင်အောင် ဆက်ကြိုးပမ်းသွားမယ်လို့ သူက ပြောပါတယ်။
BBC (မြန်မာပိုင်း)