Thursday, February 13, 2014

ဖျက်သိမ်းခံ သမီးကလေးရွာဒုက္ခသည်များ ၀မ်းရောဂါဖြစ်နေ

ဖေဖော်ဝါရီ ၁၄ ရက်၊ သောကြာနေ့၊ ၂၀၁၄
ကျူးကျော်ဟုဆိုကာ နေအိမ်ဖျက်သိမ်းခံထားရသည့် လှည်းကူးမြို့နယ် သမီးကလေးကျေးရွာ ဒုက္ခသည် များထဲမှ ပဲခူးမြို့ အလံနီရွာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသူများအနက် ၇၀ ကျော်သည် ၀မ်းရောဂါ ဖြစ် ပွားနေပြီး ကူးစက်မှုများရှိလာနိုင်သည်ဟု ဖေဖော်ဝါရီ ၁၂ ရက်တွင် ဆေးပစ္စည်းနှင့် အလှူငွေများ သွား ရောက်လှူဒါန်းကာ ဆေးကုသမှုပြုလုပ်ပေးခဲ့သည့် ဒေါက်တာမောင်မောင်အောင်က ပြောသည်။

ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် အိမ်ထောင်စု ၁၃၈ စုမှ လူဦးရေ ၅၃၅ ဦးအနက် ၇၀ ကျော် ဖြစ်ပွားနေပြီး ကလေးငယ်များတွင် အများစုဖြစ်နေကာ လူကြီးငါးဦးခန့်သာ ပါဝင်သည်ဟု ဆိုသည်။

“အခုဖြစ်နေတဲ့အဆင့်ကတော့ ကူးစက်လို့ ပြောလို့မရသေးဘူး။ ဒါပေမဲ့ သူတို့ရဲ့ လက်ရှိနေထိုင်နေတဲ့ အခြေနေမှာ ရေသန့်ရှင်းမှုမရှိတာရယ်၊ မစင်စွန့်တာက ယင်မလုံတာရယ်ဆိုရင်တော့ ကူးစက်အဆင့်ကို ရောက်နိုင်တယ်”ဟု ပြောသည်။

ဘုန်းတော်ကြီးကျောင်းတွင် ယင်လုံအိမ်သာ ခုနစ်လုံးရှိပြီး လက်ရှိတွင် ၀မ်းရောဂါဖြစ်ပွားမှု လျော့ကျ သွားကြောင်း အဆိုပါကျောင်းမှ ကျောင်းထိုင်ဆရာတော်က မိန့်သည်။

ဘုန်းကြီးကျောင်းရှိ ဒုက္ခသည်များထဲမှ ကျောင်းနေကလေးရှိသည့် မိသားစုများမှလွဲလျှင် ကျန်မိသားစု များကို အဆိုပါနေရာမှ ဖေဖော်ဝါရီ ၁၅ ရက်တွင် နောက်ဆုံးထွက်ခွာပေးရန် ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူး က ဖေဖော်ဝါရီ ၅ ရက်နှင့် ၉ ရက်တွင် စာဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် လူကိုယ်တိုင်လာ ရောက်၍လည်းကောင်း သတိပေးထားသည်။

သမီးကလေးကျေးရွာရှိ အိမ်ခြေ ၄,၀၀၀ ကို ပြီးခဲ့သည့်ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် စက်ယန္တရား ကြီးများနှင့် အင်အားသုံး ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ဟိန်းကိုစိုး
Mizzima - News in Burmese