Tuesday, February 25, 2014

နိုင်ငံရေး အသားပေး သတင်းဂျာနယ် အသစ် ထွက်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
အလှုပ်အယမ်း များကြောင့် အများ စိတ်ဝင်စား စောင့်ကြည့် နေရသည့် မြန်မာ့ နိုင်ငံရေး အခြေအနေများ ကို ဦးစားပေး ဖော်ပြမည့် နိုင်ငံရေး အသားပေး သတင်းဂျာနယ် TOMORROW NEWS JOURNAL အတွဲ (၁)၊ အမှတ် (၁) ကို ဖေဖော်ဝါရီလ ၂၅ ရက် အင်္ဂါနေ့တွင် စတင် ထွက်ရှိမည် ဖြစ်ကြောင်း အဆိုပါ ဂျာနယ် ထုတ်ဝေသူများ ထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ဂျာနယ်ကို နိုင်ငံရေး အကျဉ်းသား ဟောင်းများက ဦးစီး ထုတ်ဝေခြင်း ဖြစ်ပြီး စာပေစိစစ်ရေး ဖျက်သိမ်းလိုက်ပြီး နောက်ပိုင်း နေ့စဉ် သတင်းစာများ အပါအဝင် အပတ်စဉ် သတင်းဂျာနယ်များ ပိုမို ထွက်ရှိ လာသော်လည်း ၂၀၁၅ ရွေးကောက်ပွဲ အတွက် မြန်မာ့ နိုင်ငံရေးတွင် လိုအပ်နေသည် များကို ထောက်ပြရန် အဓိက ရည်ရွယ်ခြင်း ဖြစ်ကြောင်း အဆိုပါ ဂျာနယ်ကို ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးဇော်သက်ထွေးက The Voice သို့ ပြောကြားသည်။

“သတင်း ဂျာနယ်ပေါင်း ရာချီ ရှိနေတဲ့ အချိန်မှာ ဂျာနယ် တစ်စောင် အသစ် ထွက်လာတယ် ဆိုတာ မိုက်မဲတဲ့ လုပ်ရပ်လို့လည်း ပြောလို့ ရပါတယ်။ အင်္ဂါနေ့မှာပဲ ထွက်ဖို့ ရွေးတာက အဲဒီနေ့မှာက တခြား ဂျာနယ်တွေ ထွက်တာ နည်းနည်း ကျဲလို့ပါ” ဟု ၎င်းကဆိုသည်။

စတင် ထွက်ရှိမည့် TOMORROW NEWS JOURNAL တွင် မြန်မာ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကာလတစ်လျှောက် နိုင်ငံရေးထဲတွင် နှစ်ပေါင်းများစွာ ဖြတ်သန်း ခဲ့သည့် ပြည်တွင်း ပြည် ပ နိုင်ငံရေး လေ့လာသူများ၊ စာရေး ဆရာများနှင့် နိုင်ငံရေးသမား၏ ဆောင်းပါးများ အများစု ပါဝင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဂျာနယ် အတွဲ (၁)၊ အမှတ် (၁) တွင် စာမျက်နှာ ၃၆ မျက်နှာ ပါရှိမည် ဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်၊ မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးမင်းဇင်၊ နိုင်ငံရေး ဆောင်းပါးများ တစိုက်မတ်မတ် ရေးသား နေသူများ ဖြစ်သည့် ဦးအောင်ဒင်၊ ဒေါက်တာ ရန်မျိုးသိမ်း စသူတို့၏ ဆောင်းပါးများ ပါဝင်မည် ဖြစ်သည်။
The Voice Weekly