Thursday, February 13, 2014

တက္ကသိုလ် ကျောင်းသားများအတွက် စစ်လေ့ကျင့်ခန်း အစီအစဉ် တိုးချဲ့ပေးမည်ဟု ရုရှားစစ်တပ် ပြောကြား

မော်စကို၊ ဖေဖော်ဝါရီ ၁၂
ရုရှားနိုင်ငံ၏ မ၀င်မနေရ စစ်မှုထမ်းစနစ်တွင် ပါဝင်နိုင်မည့် နည်းလမ်းများကို တိုးချဲ့လျက်ရှိပြီး တက္ကသိုလ် ကျောင်းသားများအတွက် စစ်ရေး လေ့ကျင့်ခန်း အစီအစဉ်ကို တိုးချဲ့ပေးမည်ဟု ရုရှား စစ်တပ်က ပြောကြားလိုက်ကြောင်း RIA သတင်းတွင် ဖော်ပြထားသည်။

အမျိုးသား တက္ကသိုလ် ကျောင်းသားများအနေနှင့် ပညာသင်ကြားနေသည့် နှစ်နှစ်တာ ကာလအတွင်း စစ်လေ့ကျင့်ခန်း နာရီ ၄၅၀ ပြည့်အောင် လုပ်ဆောင်ခြင်း သို့မဟုတ် အရန်တပ်ဖွဲ့သို့ မ၀င်ရောက်ခင် သုံးလ စစ်သင်တန်း တက်ရောက်ခြင်း စသည့် နည်းလမ်းများကို ရွေးချယ်နိုင်ကြောင်း ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး ပန်ကော့က ပြောကြားသည်။

ယင်းကဲ့သို့သော အစီအစဉ်ကို ရုရှားနိုင်ငံ တစ်ဝန်းရှိ နိုင်ငံပိုင် တက္ကသိုလ် ၇၂ ခုတွင် ၂၀၀၈ ခုနစ်မှ စတင် ကျင့်သုံးခဲ့သော်လည်း ကျောင်းသား အများစုမှာ စာသင်ချိန် ကာလများတွင် စစ်မှုထမ်းခွင့် မပြုသည့် အသက်မွေးဝမ်းကျောင်း အင်စတီကျုများသို့သာ တက်ရောက်လေ့ ရှိသည်။

တက္ကသိုလ် ကျောင်းသားများမှာ စစ်မှုထမ်းခွင့်ကို ရွှေ့ဆိုင်းပိုင်ခွင့် ရှိသော်လည်း ဘွဲ့ရပြီးသည့်နောက်တွင် စစ်မှုမထမ်း မနေရ စနစ်အရ တပ်သားသစ် စုဆောင်း ခံနေရပြီး လူငယ်ပေါင်း ၆၀,၀၀၀ ကျော်မှာ စစ်မှုထမ်းနေရသည်။

လက်ရှိ လုပ်ဆောင်လိုက်သည့် ပြုပြင်ပြောင်းလဲမှု စနစ်အရ ကျောင်းသားများ အနေနှင့် တက္ကသိုလ်များရှိ စစ်လေ့ကျင့်ရေး ဌာနများ၊ ကာကွယ်ရေးဝန်ကြီး ဌာနရှိ လေ့ကျင့်ရေး စင်တာများတွင် စစ်ရေး လေ့ကျင့်ခန်း လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ယင်းအစီအစဉ်သစ်ကို နိုင်ငံပိုင် တက္ကသိုလ်များတွင်သာမက ပုဂ္ဂလိက တက္ကသိုလ်များ၊ ကောလိပ်များတွင်လည်း ကျင့်သုံးနိုင်ရန် လုပ်ဆောင် သွားမည်ဟု ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

စစ်မှုထမ်း တာဝန်ကို ရှောင်တိမ်းသည့် လူငယ်များ များပြားလာခြင်း၊ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက် မွေးဖွားနှုန်း ကျဆင်းသည့် ကာလတွင် မွေးဖွားလာသည့် လူငယ်များ အရွယ် ရောက်လာခြင်း စသည့် အချက်များကြောင့် ရုရှားနိုင်ငံမှာ တပ်သား စုဆောင်းရာတွင် မကြာသေးမီ နှစ်များမှ စ၍ အခက်အခဲများ ကြုံတွေ့နေရသည်။

“လူငယ်တွေကို နေရာချပေးနိုင်ဖို့ ကာကွယ်ရေးဝန်ကြီး ဌာနက ခြေလှမ်းသစ်တွေ လုပ်ဆောင်နေပါတယ်။ စစ်မှုထမ်းတာဝန် ထမ်းဆောင်ရေး ဆွဲဆောင်နိုင်ဖို့ ဖန်တီး လုပ်ဆောင်နေပါတယ်” ဟု ဒုတိယ ၀န်ကြီး ပန်ကော့က ပြောကြားသည်။

စစ်လေ့ကျင့်ခန်း အစီအစဉ်သစ်ကို ၂၀၁၄ ခုနှစ်တွင် စတင် လုပ်ဆောင်မည် ဖြစ်ပြီး ပထမဆုံးသော ကျောင်းသားများမှာ ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် စစ်လေ့ကျင့်ခန်းများ စတင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

စစ်မှုထမ်းတာဝန် ထမ်းဆောင်သူများကို အလွဲသုံးစား ပြုသည်ဟူသော သတင်းများ ပြီးခဲ့သည့် နှစ်များအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက် လာသဖြင့် ရုရှားစစ်တပ် ပုံရိပ် ကောင်းမွန်လာစေရန် မကြာသေးမီ ကာလများမှ စတင်ပြီး ခိုင်မာသည့် လုပ်ဆောင်ချက်များ စတင် လုပ်ဆောင်ခဲ့သည်။

၂၀၁၃ ခုနစ် အတွင်း စစ်မှုထမ်းတာဝန် ထမ်းဆောင်ရမည့် လူငယ်ပေါင်း ၂၄၄,၀၀၀ ကျော်မှာ တာဝန် မထမ်းဆောင်ဘဲ ရှောင်တိမ်းခဲ့ကြောင်း ရုရှား စစ်ဦးစီးဌာန စာရင်းတွင် ဖော်ပြထားသည်။
The Voice Weekly