Friday, February 14, 2014

ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် နိုင်ငံတစ်ဝန်း ပဲပြုတ်နှင့် နံပြားကျွေးကာ ဆင်နွှဲ

Friday, February 14, 2014
ရန်ကုန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် ပဲပြုတ်၊ နံပြားများ စတုဒိသာကျွေးမွေးနေစဉ် ဓာတ်ပုံ-ကျော်ဇင်သန်း

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၃ ရက်တွင် မြန်မာနိုင် ငံတစ်ဝန်း ဗိုလ်ချုပ်ကြိုက်နှစ်သက်သော ပဲပြုတ်နှင့်နံပြားကို ကျွေးမွေးကုသိုလ်ယူသူ များပြားခဲ့သည်။

ဗိုလ်ချုပ်ကို ချစ်မြတ်နိုးသောသူများနှင့် လူမှုအဖွဲ့အစည်းများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ က ရန်ကုန်မြို့၊ မန္တလေးမြို့အပါအ၀င် အခြားမြို့ များတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအ မှတ်ပွဲများ ပြုလုပ်ပေးကာ  ပဲပြုတ်နှင့်နံပြား ကျွေးမွေးခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ထိုနေ့နံနက်က ဗိုလ်ချုပ်အောင်ဆန်းချစ်သူများအဖွဲ့က မဟာဗန္ဓုလလမ်းရှိ ၀န်ကြီးများ vရုံးရှေ့တွင် ပဲပြုတ်နှင့်နံပြား စတုဒီသာကျွေးမွေးခဲ့သည်။ ညနေပိုင်းတွင် Cultural Impact Studies Club အဖွဲ့က မြောက်ဒဂုံမြို့နယ်ရှိ သုခရိပ်မြုံ ပရဟိတဂေဟာရှိ  ကလေးငယ်များအား ပဲပြုတ်နှင့် နံပြား ကျွေးမွေးခဲ့ပြီး တောင်ဒဂုံ နိကာယ်ကျောင်းတိုက်တွင်လည်း လူမှုဘ၀ဖွံ့ဖြိုးတိုး တက်ရေးကွန် ရက်က ဖေဖော်ဝါရီ ၁၃ ရက်ကို ကလေးများနေ့အဖြစ် ပြုလုပ်ပေးပြီး  ပဲပြုတ်နှင့် vနံပြား ကျွေးမွေးခဲ့သည်။ ထို့အပြင် အဖွဲ့အစည်းအချို့ က ပဲပြုတ်နှင့်နံပြားအပြင် ဗိုလ်ချုပ်အကြောင်း ဗီစီဒီများကိုလည်း ကျောင်း သူ၊ ကျောင်းသားများကို ပေးဝေခဲ့သည်။

““ဒီနေ့ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အဖြစ် ကလေးတွေအားလုံးသိအောင် ရည်ရွယ်ပြီး လုပ်ပေးတာပါ။ ကလေးတွေအတွက် သီချင်းဆိုပြိုင်ပွဲတွေ၊ အခြားအထိမ်းအမှတ်တွေလည်း လုပ်ပေးပါတယ်။ ကလေးတွေ ကို ပဲပြုတ်နံပြားလည်းကျွေးပါတယ်”” ဟု လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ကိုနေမျိုးဇင်ကပြောသည်။

မွေးနေ့အထိမ်းအမှတ် ပရဟိတကျောင်းများသို့လှူဒါန်းနေစဉ်
မန္တလေးမြို့တွင်လည်း ပဲပြုတ်နှင့်နံပြားကို   စတုဒီသာအဖြစ် ကျွေးမွေးမှုများပြုလုပ်ခဲ့ကြသည်။ မုံရွာမြို့ bvတွင်လည်း လူငယ်များစုပေါင်း၍ ပရဟိတခြောက်ကျောင်းသို့ ကျပ်သိန်း ၅၀ဖိုး လှူဒါန်းခဲ့ပြီး  မြင်း စီးကြေးရုပ်အနီးတွင် လူငယ်များစုပေါင်း၍ ပဲပြုတ်နှင့်နံပြားစားချင်လို့ပါ အစီအစဉ်ဖြင့် လမ်းသွားလမ်းလာ များအား ပဲပြုတ်နှင့်နံပြား ကျွေးမွေးခဲ့ကြသည်။ မြင်းခြံ၊ ကျောက်ပန်းတောင်းမြို့ စသည့်မြို့များတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်ပြုလုပ်ကာ ပဲပြုတ်နှင့် နံပြားကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။

““လူငယ်တွေက ချစ်သူများနေ့ ဖေဖော်ဝါရီ ၁၄ ရက်ကိုပဲ အာရုံစိုက်နေကြတယ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့ကို ပဲပြုတ်နဲ့ နံပြား ကျွေးတာပါ””ဟု ဗိုလ်ချုပ်ချစ်သူများအဖွဲ့(တာချီလိတ်) မှ ဒေါ်ဥမ္မာ ကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ရက် တွင် ပဲပြုတ်နှင့်နံပြားကျွေးမွေးသည့် အစီအစဉ် ကို ၂၀၁၃ ခုနှစ်တွင်လည်း မြို့အနည်းငယ်တွင် ပြုလုပ်ခဲ့ကြပြီး ယခုနှစ်တွင် ပိုများလာခြင်းဖြစ်သည်။ အဆိုပါ ပဲပြုတ်နှင့် နံပြားသည် ဗိုလ်ချုပ်အောင်ဆန်းက ၎င်း၏ ဇနီးသည် ဒေါ်ခင်ကြည်အား ““ပဲပြုတ်နဲ့ နံပြားရရင်စားချင်တယ်””ဟု ရေးသားမှာကြားခဲ့သည့်စာကို  အစွဲပြုကာ အမှတ်တရ ပဲပြုတ်နှင့်နံပြား ကျွေးမွေးကြခြင်းဖြစ်သည်။

ရေနံချောင်းမြို့တွင် ပဲပြုတ်နှင့်နံပြား အခမဲ့ကျွေးမွေးနေစဉ်
ဓာတ်ပုံ-မိုးကျော်
 ရေနံချောင်းမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း(၉၉)နှစ် မွေးနေ့အထိမ်းအမှတ်ပွဲအဖြစ် ပြည်သူများကို ပဲပြုတ်နှင့် နံပြားစတုဒီသာကျွေးမွေးပွဲတစ်ခုပြုလုပ်ခဲ့ကြောင်း၊ ဦးဆောင်ပြုလုပ်သူတစ်ဦးဖြစ်သူ ဒဿနိကဗေဒ ကထိက ရေနံချောင်းကောလိပ်မှ ဦးမျိုးသန်းထွန်းကပြောသည်။

““ဗိုလ်ချုပ်ရဲ့ “ကြည်..ပဲပြုတ်နဲ့နံပြားရရင် စားချင်တယ်” ဆိုတဲ့ စာလေးကို အမှတ်တရအလေးအနက် ထားပြီး ဗိုလ်ချုပ်ရဲ့ မွေးနေ့မှာ ပဲပြုတ်နဲ့နံပြားကျွေးပြီး မွေးနေ့ပွဲပြုလုပ် ဂုဏ်ပြုတာပါ”” ဟု ဦးမျိုးသန်း ထွန်းမှပြောသည်။

ယခုခေတ်တွင် ဗိုလ်ချုပ်မွေးနေ့ထက် ချစ်သူများနေ့ ချောကလက်ကိုသာ လူငယ်အများစု စိတ်ဝင်စားနေ ကြသောကြောင့် ဗိုလ်ချုပ်မွေးနေ့ကို တစ်တိုင်းပြည်လုံး ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်သွားနိုင် ရန် ချောကလက်အစား  ပဲပြုတ်နှင့် နံပြားကို ပြယုဂ်တစ်ခုအနေဖြင့်  ကျွေးမွေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကထပ်မံပြောသည်။
သတင်းအဖွဲ့
7Day Daily