Thursday, February 20, 2014

ကလေးခရိုင်တွင် တရုတ်လူမျိုးများ တရားမဝင်ကျောက်မီးသွေးတူးဖော်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁။
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးဝမြို့နယ်တွင် တရုတ်လူမျိုးအများစုက
တရားမဝင် ကျောက်မီးသွေးတူးဖော်မှုများပြုလုပ်နေကြောင်း ယင်းဒေသခံများ၏ပြောကြားချက်အရသိရသည်။

၎င်းတရုတ်လူမျိုးများသည် ကလေးဝမြို့နယ်ရှိ ပလူဇီဝရွာ၊ နန်းမော်ခရိုင်၊ မင်းကင်းနယ်နှင့် ပုံတောင်ပုံညာဒေသ တစ်ဝိုက်တို့တွင် အများဆုံးတူးဖော်နေခြင်းဖြစ်ကြောင်း အီးအိုင်တီအိုင် ( သယံဇာတ ထုတ်ယူသုံးစွဲရာတွင် ပွင့်လင်းမြင်သာမှုရှိရေး) အဖွဲ့မှ စစ်ကိုင်းတိုင်း တာဝန်ခံ ဦးကျော်သက်ဝင်းကပြောကြားသည်။
အဆိုပါတရားမဝင် ကျောက်မီးသွေးတူးဖော်နေမှုများနှင့် ပတ်သတ်၍ ပြီးခဲ့သည့်လ ၁၅ ရက်တွင် သတ္တုတွင်းဝန်ကြီးဌာနသို့တင်ပြခဲ့ပြီးနောက် သတ္တုတွင်းဝန်ကြီးဌာနနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းကာစစ်ဆေးမည့် အစီစဉ်ရှိသည်ဟု ၎င်းကဆိုသည်။

ထိုသို့ကျောက်မီးသွေးတူးဖော်နေမှုကို ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်လုပ်ကိုင်နေခြင်းဖြစ်ပြီး ရရှိသည့် ကျောက်မီးသွေးများကို ဟုမ္မလင်းရှိ တရုတ်အမျိုးသားပိုင် ရွှေပြည်အေး အထပ်သားစက်ရုံသို့ ရောင်းချနေကြောင်း သတင်းရရှိသည်။

ယင်းတရုတ်လူမျိုးများအား သတ္တုတွင်းဝန်ကြီးဌာနမှ တူးဖော်ခွင့်မပေးထားကြောင်းနှင့် သတ္တုဝန်ကြီးဌာနက ခွင့်ပြုချက်ဖြင့်သာ တူးဖော်ခွင့်ရှိကြောင်း၊ ကလေးခရိုက်အုပ်ချုပ်ရေးမှုးရုံးမှ ကလေးခရိုင်အတွင်းရှိ တရုတ်လူမျိုးများ ဝင်ရောက်နေထိုင်မှုကို စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ကိုထိုက်
မြန်မာ့ခေတ်