Monday, February 10, 2014

စစ်တွေလေယာဉ်ကွင်း ပြေးလမ်းတိုးချဲ့စဉ် ဒုတိယကမ္ဘာစစ်ကျန် ခဲယမ်းများတွေ့ရှိ

စစ်တွေ ၊ဖေဖော်ဝါရီ ၁၀
စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်ရှိ စစ်တွေလေလာဉ်ကွင်း ပြေးလမ်းအား ပေ ၁၅၀၀ ထပ်မံတိုးချဲ့ ရန် မြေပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ် ဖေဖေါ်ဝါရီလ ၈ ရက်နေ့က ဒုတိယကမ္ဘာစစ်ကျန် ခဲယမ်းများ တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါခဲယမ်းများအား လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေသည့် ခိုင်မာသော
ပန်းတိုင်ကုမ္မဏီ မှစက်ယန္တရားများဖြင့် မြေတူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်စဉ် နံနက် ၁၁ နာရီခန့် က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

တွေ့ရှိရသည့် ခဲယမ်းများမှာ ရိုင်ဖယ်ကျည်ဆံ ၂၀၀၀ ကျော်ခန့်၊ကျည်သေတ္တာ ၂လုံးနှင့် လက်ပစ်ဗုံး ၁၂ လုံး တို့ဖြစ်ပြီး ၄င်းတို့အား သက်ဆိုင်ရာမှစနစ်တကျသိမ်းဆည်းထားပြီး ထပ်မံရှာဖွေမှုများပြုလုပ်
နေကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်နေရာအများအပြားတွင် စစ်ကျန်လက်နက်ခဲယမ်းများ မကြာခဏတွေ့ရှိနေရပြီး တွေ့ရှိက
သက်ဆိုင်ရာသို့အကြောင်းကြားရန်လိုအပ်ကြောင်း နှင့် သက်တိုင်ရာသို့ အကြောင်းမကြားဘဲ မိမိတို့ဘာ သာ ကြေးထုပ်ယူခြင်းများကြောင့် တွေ့ရှိသည့်လက်နက်ခဲယမ်းများပေါက်ကွဲရာမှ မတော်တဆ သေ ဆုံးဒဏ်ရာ ရရှိခြင်းများလည်း ရှိခဲ့ကြောင်း ၊လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်ကလည်း စစ်တွေ သဲချောင်း ဘင်္ဂလီကျေးရွာ အနီးပင်လယ်ကမ်းခြေမှ စစ်လက်ကျန်ဗုံးများတွေ့ရှိ၍ သက်ဆိုင်ရာသို့အကြောင်း မကြားဘဲ ယမ်းများထုတ်ရန် ထုခွဲရာမှ ပေါက်ကွဲမှုဖြစ်ပြီး လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းလည်းသိရသည်။
ဇင်ကိုလင်း(စစ်တွေ)
Popular Myanmar News Journal