Thursday, February 6, 2014

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲ ကျင်းပမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅
အရေးပေါ် သွေးလိုအပ်ချက်များကြောင့် လာမည့် ဖေဖော်ဝါရီလ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၈ ရက်နေ့၌ သင်္ဃန်းကျွန်းမြို့နယ် စံပြ ပြည်သူ့ဆေးရုံကြီးတွင် သွေးလှူဒါန်းပွဲ ကျင်းပမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သွေးအကူအညီပေးရေးအဖွဲ့ (BG) ၏ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

သွေးလှူဒါန်း လိုသူများသည် စံပြဆေးရုံကြီးတွင် ဖေဖော်ဝါရီလ ၈ ရက် နေ့နံနက်ပိုင်း၌ လာရောက် လှူဒါန်းနိုင်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

“သွေးလှူဘဏ်ကနေ ခဏယူသုံးထားတဲ့ သွေးကြွေးတွေလည်း ပြန်ဆပ်ဖို့ ရှိတယ်။ ဗိုလ်ချုပ်မွေးနေ့မှာ ဆပ်ရမယ့် သွေးအကြွေးတွေအပြင် ထပ်လှူနိုင်ဖို့ မျှော်လင့်တယ်” ဟု BG အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သွေးအကူအညီ ပေးရေးအဖွဲ့ (BG) သည် ၂၀၁၀ ပြည့်နှစ်ကတည်းက ပြည်သူ့ဆေးရုံများတွင် လိုအပ်သော အရေးပေါ်သွေးများကို လှူဒါန်းခဲ့ပြီး ယခုဆွေးနွေးပွဲ အပါအဝင်ဆိုပါက သွေးအလုံးရေ သုံးသောင်းနီးပါးရှိပြီ ဖြစ်ကြောင်း BG အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံအချို့၌ ကျန်းမာရေး ဝန်ထမ်းများ ဆက်ဆံရေး အားနည်းမှုကြောင့် ပရဟိတ သွေးလှူရှင်များ လျော့နည်းလာကြောင်း သွေးလှူရှင် အဖွဲ့များထံမှ သိရသည်။
The Voice Weekly