Tuesday, February 25, 2014

ရန်ကုန်မြို့တော် လူကုန်ကူးမှု အများဆုံးမြို့နယ် ၁၂ ခုတွင် အထူးစီမံချက် ဆောင်ရွက်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
ရန်ကုန်မြို့တော်ရှိ လူကုန်ကူးမှု အဖြစ်များဆုံးသော ဆင်ခြေဖုံးမြို့နယ် ၁၂ ခုတွင် လူကုန်ကူးမှု တားဆီးနှိမ် နင်းရေး အထူးစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လူကုန် ကူးမှု တားဆီးကာ ကွယ်ရေး အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

လူကုန်ကူးမှု အများဆုံးဖြစ်ပွားသော သာကေတ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မရမ်းကုန်း၊ သန်လျင်၊ ဒလ၊ အင်းစိန်၊ လှိုင်သာယာ၊ မင်္ဂလာ ဒုံ၊ ရွှေပြည်သာမြို့နယ် တို့တွင် အထူးစီမံချက် ချမှတ်ကာ ဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်ကွက်၊ ကျေးရွာ များတွင် လူကုန်ကူးမှု လျော့နည်းပပျောက်စေရန် အသိပညာ ပေးခြင်း၊ ဟောပြောပွဲများကို အပတ်စဉ် ပြုလုပ်ခြင်း၊ အသိပေးပိုစတာ၊ ဗီနိုင်းများ တပ်ဆင်ခြင်း၊ လူကုန်ကူးမှု တားဆီးရေး နှိမ်နင်းရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

အခြေခံလူတန်းစား ဆင်းရဲနွမ်းပါးသူ အများစု နေထိုင်ရာ မြို့နယ်များတွင် လူကုန်ကူးမှု အဖြစ်များပြီး အမျိုးသမီးများတွင် လူကုန်ကူးခံရမှု အများဆုံး ဖြစ်ပွားကြောင်း၊ အမျိုးသမီးများ အလုပ်အကိုင် ရှာဖွေရာတွင် အလုပ်လိုချင်သူကို မသမာသောနည်းဖြင့် လစာကောင်းရရှိမည်ဟု ဆိုသော မက်လုံးများဖြင့် မြှူဆွယ်မှုကြောင့် လူကုန်ကူးမှု အများဆုံးဖြစ်ပွားကြောင်း အဆိုပါအဖွဲ့မှ ရဲတပ်ဖွဲ့ဝင် တစ်ဦး က ရှင်းပြသည်။
"တချို့တွေက မိသားစုဝင်တွေမှာ ဘယ်လိုအချက်တွေက လူကုန်ကူးခံရတယ် ဆိုတာတောင် မသိတာတွေ ရှိနေသေးတယ်" ဟု ၄င်းက ပြောကြားသည်။

ယင်းကဲ့သို့ အထူးစီမံချက်ဖြင့် ဆောင်ရွက်နေမှုကြောင့် ၂၀၁၃ ခုနှစ် နှစ်စ ဇန်နဝါရီလတွင် လူကုန်ကူးမှု ဖြစ် ပွားခြင်းများ ရှိသော်လည်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ လူကုန်ကူးမှု တစ်မှုသာ ဖြစ်ပွားကြောင်း ရန်ကုန်တိုင်း ဒေသကြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ရှင်းပြသည်။

၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လူကုန်ကူးမှုပေါင်း ၁၀၂ မှု ဖြစ်ပွားခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် လူကုန်ကူးမှု ၁၉ မှု ဖြစ်ပွားခဲ့ကာ လူကုန်ကူးမှုနှင့် ပတ်သက် ဆက်နွှယ်သည်ဟု သံသယရှိသူ ၅၄ ဦးရှိပြီး လူကုန်ကူးခံရသူ အမျိုးသားဦးရေ ၃၀ နှင့် အမျိုးသမီး ၁၇ ဦး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ စာရင်းများအရ သိရှိရသည်။
The Voice Weekly