Sunday, February 2, 2014

သမ္မတ အရည်အချင်း ပြဋ္ဌာန်းချက် မပြင်ရန် ပထမဆုံးအကြိမ် ဟောပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂
ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ သမ္မတ အရည်အချင်း ပြဋ္ဌာန်းချက်များ မပြင်ရန် ဟောပြော တောင်းဆိုပွဲ တစ်ခု ကို မြန်မာ အမျိုးသားရေး ကွန်ရက်က ဦးဆောင်၍ “အမျိုးသားရေး ရှုထောင့်မှ ကာကွယ် စောင့်ရှောက်ရ မည့် ပုဒ်မ ၅၉” ဟူသော ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်း တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။

ဗိုလ်စိန်မှန် အားကစားကွင်းတွင် ပြုလုပ်ခဲ့သည့် ပုဒ်မ ၅၉ မပြင်ဆင်ရေး ဟောပြောသည့် အဆိုပါပွဲသို့ စိတ်ပါဝင်စားသူ လူ ၇၀၀ ဦးမှ ၁၀၀၀ ဦးဝန်းကျင် တက်ရောက်ခဲ့ပြီး အဆိုပါ ကွင်းတွင်ပင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် အခြေခံဥပဒေ အသစ်ရေးဆွဲရေး (သို့မဟုတ်) ပြင် ဆင်ရေး ထောက်ခံပွဲတွင် လူဦးရေ သုံးသောင်းဝန်းကျင် တက်ရောက်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပုဒ်မ ၅၉(စ)တွင် ပြဋ္ဌာန်းထားသည့် သမ္မတ အရည်အချင်း သတ် မှတ်ချက်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ပါဝင် ရေးဆွဲခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၇၄(က) တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာကို ခံယူ စောင့်ရှောက်သူ၊ နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ၊ နိုင်ငံခြားသား ဖြစ်သူကို နိုင်ငံတော် သမ္မတပင် မဆိုထားနှင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ်ပင် ရွေးကောက် တင်မြှောက်ခွင့် မရှိကြောင်း ရှေ့နေတစ်ဦးဖြစ်သူ ဦးအေးပိုင်က ပြောကြားသည်။

“၁၉၄၇ ခုနှစ် ဥပဒေမှာ အဲဒီလို အတိအကျ ပြောထားပါတယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ အခု လွှတ်တော်ထဲမှာ ရောက်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေမှာ အဲဒီ အရည်အချင်းနဲ့ မကိုက်ညီတဲ့ သူတွေ ရှိနေပါတယ်” ဟု ၎င်းကဆိုသည်။

အခြေခံဥပဒေကို ပြင်ဆင်မည် ဆိုပါက ပြည်သူတို့၏ အကျိုးစီးပွားသာမက တစ်နိုင်ငံလုံး၊ တစ်မျိုးသား လုံး၏ အကျိုးစီးပွားကိုပါ ကြည့်ရမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြည်သူလူထုနှင့် သဟဇာတ မဖြစ်သည့် ပြင်ဆင်စရာ အချက်များ ပါဝင်နေသော်လည်း ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့် ဒေသများကို ဦးစားပေး ဆောင်ရွက်ရန် ရှိနေခြင်းကြောင့် အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုပါက အဆိုပါ ဒေသများ၏ ဖွံ့ဖြိုးရေးနှင့် ဆောင်ရွက် ဆဲ ဖြစ်သည့် ငြိမ်းချမ်းရေး ကိစ္စရပ်များကို ထည့်သွင်း စဉ်းစားရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ သမ္မတ အရည်အချင်း ပြဋ္ဌာန်းချက် ဖြစ်သည့် ပုဒ်မ ၅၉ ကို ပြင်ဆင်ရန် ကြိုးပမ်းနေမှုများကြောင့် တည်ငြိမ်နေသော မြန်မာ့နိုင်ငံရေး အခြေအနေများ ပျက်စီးခဲ့ရကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောဆိုသည်။

စတင်ရေးဆွဲစဉ် ကတည်းက တမင် ရည်ရွယ်ချက်ရှိရှိ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ပြင်ဆင်ရန် မလိုလားသူသည် ပြည်သူ့ အခွင့်အရေးကို ချိုးဖျက်သူသာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောကြားသည်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပါက သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ပိုင်ခွင့် ရှိသော်လည်း လက်ရှိ ဥပဒေတွင် ပါဝင်လာခြင်း မရှိတော့ကြောင်း ၎င်းက ရှင်းလင်း ပြောဆိုသည်။

အခြေခံဥပဒေ ပုဒ်မ ၅၉(စ) တွင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ ဇနီး၊ သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူ စောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါးရဲ့ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများ သည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံ သားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရဟု ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

ယင်းပုဒ်မသည် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေရန် ရည်ရွယ် ပြဋ္ဌာန်းထားခြင်း ဖြစ် သည်ဟု ဝေဖန် ပြောဆိုမှုများလည်း ရှိနေသည်။
The Voice Weekly