Wednesday, February 12, 2014

အိမ်မပြန်ချင်သေးသည့် ယိုးဒယားမြေမှ ကြက်ကြော်သည်လေး

ဓာတ်ပုံ- အောင်ပေါ်ထွန်း
“မြန်မာပြည်ပြန်ရင် ဘာလုပ်စားရမလဲ။ ကျွန်တော့်တစ်ယောက်စာတောင် မလောက်ဘူး။ အခုဒီမှာ ကျွန်တော်တစ်ယောက်ပဲရှာ တစ်အိမ်လုံးထိုင်စားလို့ရတယ်လေ”

လေးပေနှစ်ပေပတ်လည် တွန်းလှည်းလေးပေါ်မှာ တင်ထားသည့် ပွက်ပွက်ဆူနေသောဆီအိုးထဲသို့ မုန့်နှစ်စိမ်ထားသည့် ကြက်သားတုံးတွေကို ပစ်ထည့်ရင်းက ကိုမင်းထိုက်တစ်ယောက် ဘန်ကောက်မြို့၏ အချက်အချာကျသော နရသီဝလမ်းမကြီးတစ်လျှောက် ပျားပန်းခပ်မျှသွားလာနေသောလူများကိုကြည့်ရင်း ပြောလိုက်ခြင်းဖြစ်သည်။

အေပရွန်ခပ်လတ်လတ်ကို ၀တ်ဆင်ထားပြီး လက်အိတ်စွပ်ထားသည့် လက်တွေက ကြက်ကြော်လာဝယ်သူများကို သွက်လက်စွာထုပ်ပိုးရောင်းချသည့် ကိုမင်းထိုက်လို မြန်မာအလုပ်သမားတစ်သန်းကျော် ထိုင်းနိုင်ငံကို မှီခိုရပ်တည်နေရသည်မှာ အဆန်းတော့မဟုတ်ပါ။

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ပြည်ပရောက် မြန်မာအလုပ်သမားများ ပြန်လာကြဖို့ တိုက်တွန်းဖိတ်ခေါ်ခဲ့သည်မှာ ၂ နှစ်ကျော်ပြီဖြစ်သော်လည်း ကျိုက်မရောဇာတိ မွန်တိုင်းရင်းသား ကိုမင်းထိုက်အပါအ၀င် ပြည်ပရောက် မြန်မာအလုပ်သမားအများစုက အိမ်ပြန်ရန်စိတ်မကူးနိုင်ကြသေး။

အထည်ချုပ်၊ ဖိနပ်ချုပ် စသည့်စက်ရုံလုပ်သားများအတွက် တစ်နေ့လုပ်အားခ ကျပ် ၅၆၀၀ ရရှိရေးအတွက်ကိုပင် အလုပ်သမားများ တိုက်ပွဲဝင်နေရဆဲ မြန်မာနိုင်ငံသို့ ပြည်ပရောက် မြန်မာလုပ်သားများ ပြန်လာရေးကို မဆွဲဆောင်နိုင်သေးပေ။

စက်မှုဇုန်များတွင် လုပ်ခ၊ လစာနှင့် အလုပ်သမားအခွင့်အရေးအတွက် တောင်းဆိုဆန္ဒပြမှုများကလည်း ဆက်တိုက်ဖြစ်ပေါ်နေဆဲဖြစ်သည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း ကြက်ကြော်သည်ပင် ပြန်လာရန်ဆန္ဒမရှိသေးလျှင် ခေတ်ပညာတတ်အရည်အချင်းပြည့် မြန်မာနိုင်ငံသားများ အမိမြန်မာနိုင်ငံပြန်လာရေးသည် အိပ်မက်သာဖြစ်နေပေဦးမည်။

သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် အလုပ်အကိုင်နေရာတစ်သန်းကျော် ရှာဖွေပေးနိုင်ခဲ့ပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP)ကလည်း တိုးတက်လာကြောင်း သမ္မတကပြောကြားထားသည်။

“အခု ၂ နှစ်လောက်အတွင်းမှာ အဆင်ပြေမယ်ထင်ပြီး စုဆောင်းထားတာလေးကိုင်ပြီး ပြန်သွားတာ။ ကုန်လည်းကုန်ရော ဒီပြန်ရောက်လာတာပဲ။ ဟိုမှာစက်ရုံမှမရှိတာ။ ဒီမှာက ပညာမတတ်လည်း တောက်တိုမည်ရလုပ်ရင်တောင် ပိုက်ဆံပေးမယ့်အလုပ်တွေရှိနေတာကိုး”ဟု ဘ၀တူအလုပ်သမားအချို့ မွေးရပ်မြေပြန်သွားကြပြီး အဆင်မပြေသည့် ပြဿနာများကို အပြန်အလှန်ကူညီဖေးမနေကြသည့် အတွေ့အကြုံများကို MBK ကုန်တိုက်တွင် ၁၃ နှစ်ကျော် အလုပ်လုပ်ကိုင်ခဲ့ပြီး ထိုင်း-မြန်မာဘာသာပြန်လုပ်ကိုင်နေသည့် ကရင်တိုင်းရင်းသား ကိုဝင်းသိန်းကပြောပြသည်။

“မြန်မာပြည်မှ အပြောင်းအလဲတွေ ဖြစ်လာနေတယ်ဆိုပေမယ့် ပုံမှန်ဝင်ငွေရှိတဲ့အလုပ်ရဖို့ မလွယ်သေးပါဘူး။ ရှိသမျှလုပ်ငန်းကြီးတွေနဲ့ လယ်မြေယာမြေတွေဟာလည်း စစ်တပ်နဲ့ ခရိုနီတွေလက်ထဲမှာဆိုတော့ အလုပ်လက်မဲ့မြန်မာတွေ ထိုင်းကို ထပ်ထွက်လာဖို့ပဲရှိတော့တယ်”ဟု ထိုင်းနိုင်ငံတွင် ကာလရှည်ကြာနေထိုင်နေပြီး မြန်မာ့မျက်မှောက်ရေးရာအဖြာဖြာနဲ့ ပတ်သက်သည့် ဆောင်းပါးများရေးသားနေသူ ဆောင်းပါးရှင်ဦးဇော်မင်းကပြောသည်။

ပြည်ပရောက် ပညာတတ်လူတန်းစားအချို့ ပြည်ပအခြေစိုက်မီဒီယာနှင့် အင်န်ဂျီအိုတို့တွင် လုပ်ကိုင်ခဲ့သည့် မြန်မာအချို့မှာပင် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရ ၎င်းတို့ လက်သင့်ခိုင်နိုင်သည့် အလုပ်အကိုင်နှင့် လစာတို့ရရှိနေခြင်းကြောင့် ပြည်တော်ပြန်ဝင်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ယခု မြန်မာပိစ်စင်တာမှာလုပ်နေတဲ့သူတွေ သမ္မတအကြံပေးလုပ်နေသူတွေဆို သူတို့ပြည်တွင်းမှာလုပ်လိုတဲ့ အနေအထားနဲ့ အလုပ်အကိုင်တွေရရှိတဲ့အခါ မြန်မာပြည်ပြန်ပြီးအလုပ်လုပ်တာဖြစ်တယ်။ လက်ရှိပြည်တွင်းက လုပ်ငန်းတွေကတော့ သာမန်လူတွေအဖို့ မက်လောက်စရာမရှိပါဘူး”ဟု ၎င်းကဆိုသည်။

မြန်မာအလုပ်သမားချင်းအတူတူ ဘန်ကောက်မြို့ပေါ်နှင့် ဘန်ကောက်အပြင်ဘက် မဟာချိုင်၊ ဖန်င၊ မဲဆောက် စသည့်နယ်စပ်မြို့များတွင် အလုပ်လုပ်ကိုင်ရသူများအနေအထားချင်း မတူညီကြ။ ဘန်ကောက်မြို့လယ်ကောင်တွင် ၀င်ငွေထွက်ငွေမျှတစွာဖြင့် ရပ်တည်နိုင်သော်လည်း နယ်စပ်များတွင်တော့ တစ်လလုပ်အားခ အများဆုံးဘတ် ၂၅၀၀ ဖြင့် ပင်ပန်းဆင်းရဲစွာ ရပ်တည်ကြရဆဲဖြစ်သည်။

ကြက်ကြော်နှင့် ကောက်ညှင်းထုပ်များကို သပ်သပ်ရပ်ရပ်ထုပ်ပိုးနေသည့် ကိုမင်းထိုက်က မြန်မာသမ္မတကြီးက ပြန်လာဖို့ခေါ်နေတာကိုပင် သူက အံ့သြတကြီးဖြစ်နေသည်။ သမ္မတဟူသည့် မြန်မာအသုံးအနှုန်းကိုပင်မသိ၍ ထိုင်းဘာသာဖြင့် ဖုရိုင်(လူကြီးမင်း)ဟု ရှင်းပြတော့မှ သူသဘောပေါက်သွားပြီး ပြန်လာဖို့ခေါ်သည့် မြန်မာဖုရိုင်ကို သူတစ်ခုလောက်မေးလိုသည်ဟုဆိုသည်။

“ဖုရိုင်က ကျွန်တော်တို့ကို ဘာလို့ပြန်ခေါ်တာလဲ။ ဒီမှာကြက်ကြော်ရောင်းတာ တစ်နေ့ ဘတ် ၅၀၀၀ ရတယ်။ ၂၀၀၀ လောက် မြတ်တယ်။ ကျွန်တော့်ရွာမှာ အဖေ၊ အမေ၊ ယောက္ခမ၊ သားသုံးယောက်နဲ့ မိန်းမ ထိုင်စားလို့ရတယ်။ မြန်မာပြည်မှာ ကြက်ကြော်ရောင်းရင် အဲဒီလိုနေလို့ရမလားလို့။ ကျွန်တော်လုပ်တတ်တာလည်း ဒါပဲရှိတယ်လေ”ဟု ဘန်ကောက်တွင် ၁၀ နှစ်ကြာရောက်ရှိနေပြီး ကြက်ကြော်ရောင်းသည်မှာ ၆ နှစ်ရှိပြီဖြစ်သည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တယဏရွာမှ လာရောက်အလုပ်လုပ်ကိုင်သူ ကိုမင်းထိုက်က နားမလည်စွာမေးသည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ်မှဘွဲ့ရတစ်ဦး၏ လက်ရှိအခြေခံတစ်ရက်ဝင်ငွေမှာ ကျပ် ၂၀၀၀ မှ ကျပ် ၄၀၀၀ ကြားဖြစ်ပြီး ထိုင်းနိုင်ငံတွင်မူ လမ်းဘေးဈေးရောင်းသူ၊ အရောင်းဝန်ထမ်း စသည့်အောက်ခြေလုပ်သားပင်လျှင် တစ်ရက်ဝင်ငွေ ဘတ် ၃၀၀ (မြန်မာငွေ ကျပ် ၉၀၀၀ )ခန့် ရရှိနေပြီဖြစ်သည်။

အကျပ်အတည်းဘယ်လောက်တွေ့တွေ့ ၀င်ငွေထွက်ငွေမျှတပြီး စားပွဲထိုးတတ်လျှင်တောင် ထမင်းမငတ်သည့် ထိုင်းနိုင်ငံကနေ စွန့်ခွာဖို့သတ္တိနည်းနေသေးကြောင်း MBK ကုန်တိုက်ရှိ ဖိနပ်ဆိုင်တွင် (၁၀)နှစ်ကျော်ကြာ လုပ်ကိုင်နေသော အသက်(၃၂)နှစ်အရွယ် ကိုစိုးသက်နိုင်ကပြောသည်။

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများသာမဟုတ် ခေတ်ပညာတတ်အများစုရှိရာ စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသားတစ်ဦးက ယခုကဲ့သို့ဆိုသည် အမှန်တကယ် ပြုပြင်ပြောင်းလဲမှုများပြုလုပ်မည်ဆိုပါက အားတက်သရော ပြန်လာချင်သူများ စင်ကာပူနိုင်ငံတွင်ရှိနေပြီး လက်ရှိစင်ကာပူတွင် ရနေသည့်လစာ၏ ထက်ဝက်ခန့်မျှရလျှင်ပင် ပြန်လိုသူများစွာရှိနေကြောင်း စင်ကာပူနိုင်ငံ inland revenue authority တွင် infocomm officer အဖြစ် လုပ်ကိုင်နေသူ အသက်(၃၀)နှစ်ရှိ မတင်ဇာစိုးမင်းကပြောသည်။

“ပညာတတ်လူတန်းစားတွေကတော့ ဒီ ၂၀၁၅ မတိုင်မီမှာ တကယ်ပဲ အပြောင်းအလဲတွေဖြစ်လာမလားဆိုပြီး မျှော်လင့်ပြီး အားတက်သရော ပြန်လာမယ့်သူတွေရှိတယ်။ အခုတောင် ပြန်ဖို့အမျိုးမျိုးကြိုးပမ်းနေတယ်။ ဘာလုပ်ငန်းလုပ်ရင်ကောင်းမလဲလို့လည်း တွေးနေကြပြီ။ အရင်လို သူများနိုင်ငံမှာ တစ်သက်လုံးနေဖို့၊ နိုင်ငံကြီးကိုကူးဖို့ မကြိုးစားကြတော့ဘူး”ဟု ၎င်းကပြောသည်။

အခြေခံလုပ်သားများဆိုလျှင်လည်း ယခုချက်ချင်း အလုပ်အကိုင်ဖန်တီးပေးပါက ယခုချက်ချင်း ပြန်လိုသူများရှိနေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

စင်ကာပူနိုင်ငံတွင် ကလေးထိန်းအိမ်အကူအဖြစ် လုပ်ကိုင်နေပြီး လုပ်သက် ၆ နှစ်ခွဲရှိပြီဖြစ်သည့် မဌေးရီကလည်း “ဒီမှာက ၀င်ငွေကောင်းတယ်။ ကိုယ့်နိုင်ငံကျတော့ စီးပွားရေးကမကောင်းဘူးလေ။ ဘယ်တော့ကောင်းလာမလဲဆိုတာတော့ ကျွန်မ မပြောတတ်ပါဘူး”ဟု ၎င်းကဆိုသည်။

၎င်းအတွက် ကံကောင်းသည်က မြန်မာမိသားစုထံတွင်ပင် ပြန်လည်အလုပ်လုပ်ရခြင်းဖြစ်ပြီး အလုပ်ခွင်အတွင်း နှိပ်စက်ညှဉ်းပန်းမှုများ မခံရသည်က ကံကောင်းသည့်အချက်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အိမ်နီးချင်းထိုင်းနိုင်ငံတွင် မြန်မာလုပ်သား စုစုပေါင်း ၁ ဒသမ ၇ သန်းကျော်ရှိပြီး မြန်မာနိုင်ငံရှိ မိသားစုများထံပြန်ပို့သည့် တစ်နှစ်ဝင်ငွေမှာ ဘတ်သန်းတစ်ထောင်ရှိနေပြီး မြန်မာလုပ်သားအင်အားသည် ထိုင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် မောင်းနှင်မှုတစ်ရပ်ဖြစ်နေခြင်းကလည်း မြန်မာလုပ်သားများစွာ နေရပ်မပြန်နိုင်အောင် ဖန်တီးပေးနေသည်။

“မှန်းထားတဲ့ပိုက်ဆံရရင်တော့ မိုးတွင်းဆိုရွာပြန်မယ်။ ရွာမှာ ဆောင်းဘောက်ဆိုင်ဖွင့်မယ်။ ငှားစားမယ်။ နွေဆို ဒီပြန်တက်လာမယ်။ ကြက်ကြော်ရောင်းမယ်။ အခုတော့ (၁၀)နှစ်အတွင်း တစ်ခါမှမပြန်ဘူး”ဟု ဇနီးနှင့်သားအငယ်ဆုံးတစ်နှစ်ကလေးကိုသာ ဘန်ကောက်တွင်ခေါ်ထားလျက် (၆)နှစ်အရွယ်နှင့် (၂)နှစ်အရွယ်သားနှစ်ယောက်ကို ရွာပြန်ပို့ထားသည့် ကိုမင်းထိုက်က ၎င်း၏ရည်မှန်းချက်ကိုပြောသည်။

ထိုင်းနိုင်ငံတွင် ယခင်က မြန်မာနှင့်နယ်နိမိတ်ချင်း နီးကပ်စွာထိကပ်နေသော တနင်္သာရီတိုင်း၊ မွန်၊ ရှမ်း၊ ကရင်ပြည်နယ်တို့ မှ အများစု သွားရောက်အလုပ်လုပ်ကိုင်ခဲ့သော်လည်း မြန်မာနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲများစတင်ဖြစ်ပွားချိန် ၂၀၁၀ နောက်ပိုင်းမှစ၍ ကချင်ပြည်နယ်မှ ကချင်တိုင်းရင်းသားများလည်း ရောက်ရှိလာခဲ့သည်။

“ဒီမှာ ကချင်တွေအများကြီးပေါ့။ ဟိုမှာလုပ်စရာလည်းမရှိဘူး။ အခု ဒီမှာတစ်လကို ဘတ်တစ်သောင်းရတယ်”ဟု ဘန်ကောက်ရောက်သည်မှာ ၁၀ လသာရှိသေးသည့် MBK ကုန်တိုက်တွင် အလုပ်လုပ်နေသည့် ကိုအောင်သူကပြောသည်။

ထိုင်းနိုင်ငံရေးအကျပ်အတည်းက သက်တမ်းလွန် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရရန် နီးစပ်နေသော်လည်း ကြီးမားသည့် မြန်မာလုပ်သားအင်အားနှင့် ထိုင်းစီးပွားရေးလုပ်သားလိုအပ်ချက်တို့ အပြန်အလှန်မှီခိုနေရခြင်းကြောင့် မည်သည့်ထိုင်းသူဌေးကမှ သူတို့မြန်မာအလုပ်သမားတွေကို လွယ်လွယ်စွန့်လွှတ်မည်မဟုတ်ကြောင်း ထိုင်းနိုင်ငံ ဖန်ငခရိုင်အခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ မဝေနှင်းပိုကပြောသည်။

ရေကြည်ရာမြက်နုရာ ရှာဖွေခဲ့ခြင်းဖြစ်ပြီး တစ်သက်လုံး သူများနိုင်ငံတွင် နိုင်ငံခြားသား၏အလုပ်သမားအဖြစ် အရိုးမထုတ်ချင်သော်လည်း ပညာလည်းကောင်းကောင်းမသင်ယူခဲ့၊ အသက်မွေးဝမ်းကျောင်းပညာရပ်လည်း ကောင်းကောင်းမတတ်သည့် ထိုင်းရောက် မြန်မာလုပ်သားအများစုအတွက် တူညီသောမျှော်လင့်ချက်ကတော့ တစ်ခုတည်းရှိပါသည်။ ပိုက်ဆံရသော်လည်း ကျီးလန့်စာစားရသည့်ဘ၀ကို ကယ်တင်ဖို့ မြန်မာအစိုးရအား အလုပ်သမားများကိုယ်စား ကိုဝင်းသိန်းက ယခုကဲ့သို့တောင်းဆိုလိုက်ပါသည်။

“မြန်မာနိုင်ငံမှာ ဘယ်ပါတီ အစိုးရတက်တက် ၀င်ငွေထွက်ငွေမျှတပြီး လုပ်ကိုင်စားသောက်ဖို့ အဆင်ပြေအောင် မြန်မာတာဝန်ရှိသူတွေ ဖန်တီးပေးစေချင်ပါတယ်။ ဘယ်သူကမှ သူများနိုင်ငံမှာ တစ်သက်လုံးမနေချင်ပါဘူး”ဟုဆိုသည်။

ဘန်ကောက်မြို့က ကြက်ကြော်သည်ကိုမင်းထိုက်ကတော့ ထိုမြေကိုမစွန့်နိုင်သေး။ မိသားစုတစ်စုလုံး စားဝတ်နေရေး အဓိကဖြေရှင်းပေးနေသည့် ကြက်ကြော်လှည်းကိုစွန့်၍ ဇာတိမြေပြန်ရန် သတ္တိမရှိသေးဟုဆိုသည်။
 အေးသူစံ
7Day News Journal