Friday, February 28, 2014

ဖွဲ့စည်းပုံ ပြင်ဆင်ရန် ခက်ခဲခြင်းက လူထုကို လမ်းပေါ်ထွက်စေဟု ဦးကိုကိုကြီးဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ခက်ခဲနေခြင်းက ပြည်သူလူထုကို လမ်းပေါ်ထွက် ဆန္ဒပြ နိုင်စေ သည်ဟု ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်ရှိ ကျိုက္ကဆံ၊ ဓမ္မပိယ ကျောင်းတိုက်တွင် ပြုလုပ်သည့် နိုင်ငံတစ်ဝန်းရှိ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခွဲ တာဝန်ခံများ တွေ့ဆုံပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်ရေး အခန်း ၁၂ ပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရေးတွင် တင်းကျပ်လွန်းသည့် ပြဋ္ဌာန်းမှုများနှင့် ပတ်သက်ပြီး ပြောဆိုခဲ့ရာ ၎င်းက ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၉၈၈ ခုနှစ် လူထုအုံ ကြွမှုသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ တစ်ဖက်သတ် ရေးဆွဲထားသော ၁၉၇၄ ခုနှစ် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်နိုင်ရန် ခက်ခဲမှုကို အခြေခံခဲ့ကြောင်း၊ ယင်းသို့ ပြင်ဆင်ရန် တင်းကျပ်လွန်းမှုကြောင့် နိုင်ငံရေး ပြဿနာများ တွေ့ကြုံ လာချိန်တွင် ပြည်သူ လူထုအနေဖြင့် ပြဿနာများကို ဥပဒေကြောင်း အရ ဖြေရှင်းရန် မလွယ်ကူတော့ဘဲ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောဆိုသည်။

“လမ်းပေါ်ထွက်တယ် ဆိုတာက ဒီမိုကရေစီ နိုင်ငံတိုင်းမှာ ရှိတာပဲ။ အဲဒါတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ က ပြင်ဆင် ပြောင်းလဲ ပေးနိုင်ရင် ဒီလောက် သွေးထွက်သံယို ဖြစ်စရာ မရှိဘူး။ တင်းကျပ်လွန်း အားကြီးတော့ ပြင်လို့ မရတဲ့ အခါကျတော့ လူတွေက ဒီလောက် သေကျေပြီးတော့ အစိုးရ ယန္တရား ပျက်စီးသွားတယ်။ အုပ်ချုပ်ရေး ယန္တရား ပျက်စီးသွားပြီးတဲ့ အချိန်အထိကို ဖွဲ့စည်းပုံက ပြင်လို့ မရသေးဘူး။ နောက်ဆုံး မရှူနိုင် မကယ်နိုင် ဖြစ်လို့ ပြင်ပါတော့မယ် ပြောတဲ့ အချိန်မှာ အရမ်း နောက် ကျသွားပြီ။ အဲဒီတော့ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တင်းကျပ်လွန်း အားကြီးလွန်းတဲ့ အတွက်ကြောင့် အဲလို အနိဋ္ဌာရုံတွေ ဖြစ်ခဲ့တယ်လို့ ကျွန်တော်တို့ ကောက်ချက်ချလို့ ရပါတယ်” ဟု ၎င်းက ၁၉၈၈ လူထု အရေးအခင်း အတွေ့အကြုံကို ရှင်းလင်း ပြောဆိုသည်။

အဆိုပါ နိုင်ငံလုံးဆိုင်ရာ ၈၈ ပွင့်လင်း ရုံးခွဲ တာဝန်ခံများ တွေ့ဆုံပွဲတွင် အခြေခံဥပဒေ ပြင်ဆင်ရေး ကို ဆွေးနွေး ပြောဆိုခဲ့ပြီး ပုဒ်မ ၄၃၆ ကို ဦးစားပေး ပြင်ဆင်နိုင်ရေးကိုသာ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ပြောဆိုသည်။

“ပုဒ်မ ၄၃၆ ကိုပဲ ပြောပြီး ကျန်တဲ့ ပုဒ်မတွေ ထည့်မပြောဘူး ဆိုတာက အရေးမကြီးလို့ပဲ မှတ်ယူပါ” ဟု ၎င်းက တက်ရောက်လာသည့် ရုံးခွဲ တာဝန်ခံများကို ပြောကြားသည်။

ရုံးခွဲ တာဝန်ခံ ၂၀၀ ကျော် တက်ရောက်သည့် အဆိုပါ တွေ့ဆုံပွဲတွင် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ ရှေ့ဆက်သွားမည့် မူဝါဒ၊ လုပ်ငန်းစဉ်များ အပါအဝင် နယ်ဒေသများမှ ကြုံတွေ့ရသည့် ပြဿနာများကို ဖေဖော်ဝါရီ ၂၈ ရက်နေ့နှင့် မတ်လ ၁ ရက်နေ့များတွင် နှစ် ရက်ကြာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း အဆိုပါ ပွင့်လင်း လူ့အဖွဲ့အစည်းမှ သိရသည်။

လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်း အလိုအလျောက် ရရှိထားသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် နေရာ အများဆုံး ရရှိထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်များ အနေဖြင့် နိုင်ငံတော်၏ အနာဂတ်ကို အမြော်အမြင် ကြီးစွာ ထောက်ရှုကာ အဆိုပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရေး အတွက် ဝိုင်းဝန်း ကြိုးပမ်းသင့်ကြောင်း ဦးကိုကိုကြီးက တိုက်တွန်း ပြောဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး၊ အခန်း ၁၂ ပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရေးမှာ ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှု လိုအပ်ပြီး ပြည်သူ့ဆန္ဒ ခံယူပွဲ ပြုလုပ် ကာ မဲဆန္ဒရှင်များ၏ ထက်ဝက်ကျော် ဆန္ဒပြုမှုဖြင့်သာ ပြင်ဆင်နိုင်မည် ဖြစ်ပြီး ယင်းပုဒ်မကို ပြင်ဆင်ပြီး ပါက ကျန်ရှိသည့် ဥပဒေများ ပြင်ဆင်ရန်မှာ လွယ်ကူသွားမည် ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများ က ပြောဆိုကြသည်။
The Voice Weekly