Friday, February 14, 2014

သတ္တိသိပ်ရှိပြီး မဖြောင့်မတ်သည့် သူမှာ အင်မတန်ကြောက်စရာကောင်း

ရန်ကုန်၊ ဖေဖော်ဝါရီ-၁၃
သတ္တိသိပ်ရှိပြီး မဖြောင့်မတ်သည့် သူမှာ အင်မတန်ကြောက်စရာကောင်း ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၉၉) နှစ်မြောက် မွေးနေ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့ ပေးပို့သော မွေးနေ့အမှတ်တရစကား၌ ဗိုလ်ချုပ်၏သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။



သတ္တိသိပ်ရှိပြီး မဖြောင့်မတ်သည့် သူမှာ အင်မတန်ကြောက်စရာကောင်း ဗိုလ်ချုပ်မွေးနေ့ အမှတ်တရစကား၌ ဒေါ်အောင်ဆန်းစုကြည်ပြောကြား


' ပထမဦးဆုံးအရေးကြီးတာက ရိုးသားဖြောင့်မတ်ဖို့၊ မှန်ကန်ဖို့၊သူများကို အကောက်မကြံဖို့။ ဒုတိယအရေးကြီးတာက တိုင်းပြည်ကိုချစ်ဖို့၊ ကိုယ်ရဲ့နိုင်ငံသူ၊ နိုင်ငံသားတွေအပေါ်မှာ ကရုဏာထားဖို့၊ မေတ္တာထားဖို့။ တတိယကတော့ ပညာပေါ့နော်။ စတုတ္ထကမှ သတ္တိလို့ပြောပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောလည်းစဉ်စားကြည့်ရင် သတ္တိဆိုတာ အကောင်းအတွက်လည်း ဖြစ်နိုင်တယ်။ အဆိုးအတွက်လည်း ဖြစ်နိုင်တယ်။ အရှေ့ကအရာတွေအားလုံးပါသွားပြီဆိုရင် ကိုယ့်သတ္တိဟာ မှန်ကန်တဲ့ သတ္တိပဲဖြစ်လိမ့်မယ်။ကိုယ်က မှန်မှန်ကန်ကန်လုပ်ချင်တယ်။

ဘယ်သူ့ကိုမှမတရားမလုပ်ဘူး။ နောက်ပြီးကိုယ့်တိုင်းပြည်ကို ချစ်တယ်။ ကိုယ့်နိုင်ငံသူ၊ နိုင်ငံသားတွေကို တိုးတက်စေချင်တယ်၊ ပညာကို ကြိုးစားစေချင်တယ်၊ ကိုယ်သင်ယူတဲ့ဟာတွေကိုတန်ဖိုးရှိအောင် သုံးတယ်ဆိုရင်ကိုယ့်သတ္တိကိုလည်း တန်ဖိုးရှိအောင်လို့ ကိုယ်မှန်မှန်ကန်ကန် သုံးမှာပဲ။ သတ္တိသိပ်ရှိပြီးတော့ မဖြောင့်မတ်တဲ့သူဆိုရင်လည်း အင်မတန် ကြောက်စရာ ကောင်းတယ်နော်။ သတ္တိရှိတယ်ဆိုတာ မှန်ကန်တဲ့ကိစ္စအတွက် ဆိုရင်တော့ ကောင်းတာပေါ့။ မဟုတ်တာ လုပ်ဖို့အတွက်ဆိုရင်တော့ မကောင်းဘူး ' ဟု ဒေါ်အောင်ဆန်းစုကြည်က မိခင်ဖြစ်သူ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏ သင်ကြားမှုကိုကိုးကား ပြောဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ နှစ်နှစ်ကျော်သာရှိသေးသည့်အတွက် ဖခင်အပေါ်မြင်သည့်အမြင်မှာ ကလေးတစ်ယောက်၏အမြင်ဟုပြောလိုကြောင်း၊ ဖခင်အပေါ် ပထမဦးဆုံးထင်မြင်ချက်မှာ အင်မတန်မှ ဖြောင့်မတ်သည့်ပုဂ္ဂိုလ်တစ်ဦးဟု နားလည်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားခြင်းမှာ အင်မတန်မှ သင့်လျော်သည်ဟု ထင်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

' ကလေးများအနေနဲ့ ဗိုလ်ချုပ် အောင်ဆန်းဆိုပြီးစဉ်းစားတဲ့ အခါမှာ ဂုဏ်ဘက်ကို မကြည့်ပါနဲ့။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ နာမည်ကြီးတယ်၊ ကျော်ကြားတယ် ၊ ဂုဏ်ရှိတယ်၊ အဲ့ဒီဘက်ကမကြည့်ပါနဲ့။ ဗိုလ်ချုပ်အောင်ဆန်းကိုဘာဖြစ်လို့ ပြည်သူတွေက ချစ်ခင်တယ်၊ လေးစား တယ်၊ ကြည်ညိုတယ်။ အဲ့ဒီအကြောင်းအရင်းတွေကို သေသေချာချာ လေ့လာပါ။ နောက်ပြီး ကိုယ့်ရဲ့အသိုင်းအ၀ိုင်းမှာ လူတွေချစ်ခင်လေးစားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ချင်ရင် အဲဒီလိုဖြစ်အောင်ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုးထောင်ပါ ' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

တောမြို့လေးတစ်မြို့ဖြစ်သည့် နတ်မောက်မြို့မှ တောသားလေးဘ၀၊ ဘုန်းကြီးကျောင်းမှာစာစသင်ခဲ့သော တောသားလေးဘ၀မှ နိုင်ငံ့ထိပ်တန်း ခေါင်းဆောင်သာမကတစ်ကမ္ဘာလုံးက လေးစား၊ အသိအမှတ် ပြုရသည့် ခေါင်းဆောင်တစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ခဲ့သည်ဆိုသည်ကို စဉ်းစားပြီးမိမိကိုယ်တိုင်လည်း မိမိနိုင်ငံအတွက်သာမက လူသားများ အတွက် တန်ဖိုးရှိသည့်လူသားတစ်ယောက်ဖြစ်အောင်ကြိုးစားကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။
နန္ဒ
စံတော်ချိန် နေ့စဉ်သတင်းစာ