Thursday, February 6, 2014

ဒိုက်ဦး ပြည်ခိုင်ဖြိုး ဂဝံလမ်းအမည်ကို ကန့်ကွက်မည်

ဒိုက်ဦး၊ ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း ဒိုက်ဦး မြို့နယ်ရှိ မြို့သစ် ၁၀ လမ်းကို လမ်းခင်းပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့က လမ်းဖွင့်ပွဲ လုပ်ရာတွင် ပြည်ခိုင်ဖြိုး ဂဝံလမ်းဟု အမည်တပ်ကာ လမ်းဖွင့်ခဲ့သည့်အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ပါတီစုံ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်အဖွဲ့ခွဲနှင့် ဒိုက်ဦးမြို့နယ်ရှိ နိုင်ငံရေးပါတီများသို့ ကန့်ကွက်စာများ ပေးပို့သွားမည် ဖြစ်ကြောင်း ဒိုက်ဦးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့က အဆိုပါလမ်းအပြင် အခြားလမ်းဖွင့်ပွဲများကို အမှတ် (၃) ဝါဆိုရပ်ကွက်ရှိ အဝေရာသုခလမ်းနှင့် ကျွန်းကုန်းကျေးရွာ ဂဝံလမ်းဖွင့်ပွဲ ပြုလုပ်ခဲ့ရာတွင်မူ အဆိုပါလမ်းများ၌ ပြည်ခိုင်ဖြိုး အမည်အသုံးပြုခဲ့ခြင်း မရှိခဲ့ပေ။
“နာမည်ကတော့ တစ်နိုင်ငံလုံးမှာ ကြံ့ခိုင်ရေးလမ်း၊ ကြံ့ခိုင်ရေးရွာ၊ ကြံ့ခိုင်ရေး တံတားဆိုပြီးတော့ ယခင်အသင်းတုန်း ကတည်းက နာမည်တွေ ပေးထားကြတာ။ အခုလည်း မုခ်ဦးဆိုင်းဘုတ်မှာ စာသား အထားအသို မှားသွားတာပါ။ ဒီငွေက လွှတ်တော်ခွင့်ပြုငွေ ပြည်သူ့ ဘဏ္ဍာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီရဲ့ငွေမဟုတ်ပါဘူး” ဟု ပြည်ခိုင်ဖြိုးပါတီဝင် ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေက ဆိုသည်။

ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်က ချထားပေးသောငွေဖြင့် လမ်းခင်းခဲ့ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့က ပြုလုပ်သည့် လမ်းဖွင့်ပွဲတွင် ယင်းသို့ အမည်တပ်လိုက်ခြင်းမှာ ပါတီငွေဖြင့် လုပ်သည့်သဘော သက်ရောက်သည့်အပြင် အခြားပါတီများထက် အခွင့်အရေး ပိုယူသည့်သဘော ဖြစ်နေသည့်အတွက် ထိုသို့ကန့်ကွက်စာ ပို့ခြင်း ဖြစ်ကြောင်း (NLD) မှ အလုပ်အမှုဆောင် အဖွဲ့ဝင်က ဆိုသည်။

မြို့သစ် ၁၀ လမ်းဟု မြို့နယ်စည်ပင်က သတ်မှတ်ပေးထားပြီး လမ်းခင်းရာတွင်လည်း ရပ်ကွက်သားများ၏ ငွေ၊ လုပ်အားများဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ကို လမ်းဖွင့်ပွဲ မုခ်ဦး ဆိုင်းဘုတ်တွင် ပြည်ခိုင်ဖြိုးပါတီမှ လုပ်ပေးသည့်ပုံစံ ထင်ယောင်ထင်မှား ပြုလုပ်ထားကြောင်း အမှတ် (၈) ဒရယ်မီး ရပ်ကွက်၊ ရပ်ကွက်ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
The Voice Weekly