Friday, February 28, 2014

ကျောင်းထဲက ဘ၀များ

(သန်လျင်မြို့၊ ကျောက်ရေတွင်းကျေးရွာ ပရဟိတကျောင်း တစ်ကျောင်းရှိ ကလေးငယ်များ ထမင်းမစားမီ ဆုတောင်းမေတ္တာပို့သနေစဉ်)
ဒီကျောင်းမှာ အသက် သုံးနှစ်လောက်ကနေ တက္ကသိုလ်ပညာသင်ပြီး ဘွဲ့ရပြီးတဲ့ သူတွေအထိ ရှိတယ်။ ဒီကျောင်းမှာ ကချင်၊ ချင်း၊ ပလောင်၊ ကရင်၊ ရှမ်း၊ ရခိုင်စတဲ့ လူမျိုးစုံ ရှိတယ်။ ဒီကျောင်းမှာ မိဘစုံရှိတဲ့သူ ရှိသလို မိဘမစုံတဲ့သူ၊ မိဘမဲ့တဲ့ သူတွေ စုနေသေးတယ်။ ဒီကျောင်းမှာ ဘ၀စုံစုံကိုလည်း တွေ့နိုင်သေး တယ်။ ဒီကျောင်းဆိုတာ ဒေသ အသီးသီးက အကြောင်းအမျိုးမျိုးကြောင့် ရောက်လာသူတွေကို စား၊ ၀တ်၊ နေရေး တာဝန်ယူပေးနေတဲ့ သန်လျင်မြို့ ကျောက်ရေတွင်းကျေးရွာမှာရှိတဲ့ ပရဟိတကျောင်းလေး တစ်ကျောင်းပါ။

ပရဟိတကျောင်းဆိုပေမယ့် ကျောင်းဝင်ကြေး၊ ကျောင်းလခ၊ စားစရိတ်တွေနဲ့ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိ ကဘော်ဒါလား ထင်ရပါတယ်။ ကျောင်းမှာ ထမင်းစားဆောင်၊ စာသင်ဆောင်၊ ကစားကွင်း၊ နေစရာအခန်း၊ ဆရာ၊ ဆရာမစတဲ့ ပုဂ္ဂလိက ဘော်ဒါဆောင်တစ်ခုလို အဆင့်မြင့် ထောက်ကူပစ္စည်းတွေ မရှိပေမယ့် အခြေခံသင်ကြားမှုအတွက် ဖတ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးစားပွဲခုံ စတဲ့လိုအပ်ချက်တွေကို ဖြည့် ဆည်းပေးထားပါတယ်။ ရုပ်ဝတ္တုပိုင်းအရ ကွာခြားမှုရှိနိုင်ပေမယ့် စိတ်နှလုံးထားမှုရဲ့ မေတ္တာတရားနဲ့ လုံခြုံမှုကို အပြည့်ပေးထားနိုင်တဲ့ ကျောင်းပါ။ ဒီပရဟိတကျောင်းက ထမင်းကျွေးတယ်၊ နေစရာပေးတယ်။ ၀တ်စရာရသလို၊ ကျောင်းပြီးရင်လည်း ကျောင်းကိုလာရောက်ကြတဲ့ အလှူရှင်တွေရဲ့အဆက်အသွယ်နဲ့ လုပ်ငန်းခွင် ၀င်နိုင်သေးတယ်။

ကျောင်းကို ဆရာတော် ဘဒ္ဒန္တဒန္ဒ၀ိံသက ဦးစီးအုပ်ချုပ်ပါတယ်။ သံဃာ၊ ကိုရင်ငယ်တွေ ရှိသလို အနယ်နယ်အရပ်ရပ်က ဘ၀အကြောင်းတွေ၊ မတူညီဘဲ ရောက်လာကြတဲ့ ကလေးငယ်အပါအ၀င် ဆယ်ကျော်သက်အရွယ်ရှိသူတွေ အားလုံးပေါင်း အယောက် ၆၅၀ ကျော်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်အထိ ဦးရေ ၄၀၀ ကျော်ပဲရှိရာကနေ ဒီနှစ်မှာတော့ ၂၀၀ ကျော် တိုးလာပါတယ်။ တိုးလာတဲ့သူတွေက ရှမ်းပြည်ဘက် က ရောက်လာတဲ့ ကလေးတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ဒေသအခြေအနေ မတည်ငြိမ်မှုတွေကြောင့် မိဘတွေအနေနဲ့ ကလေးငယ်တွေရဲ့ပညာသင်ကြားမှု၊ စားဝတ်နေရေးပိုင်းကို အပြည့်အ၀ တာဝန်မယူနိုင် တာကြောင့် ပညာလည်း သင်ကြားနိုင်၊ စား၊ ၀တ်၊ နေရေးနဲ့ ဘ၀တစ်ခု ရပ်တည်ဖို့အတွက် ဒီကျောင်းကို လွှတ်လိုက်ကြတယ်လို့ ဆရာတော်က မိန့်ပါတယ်။ တချို့ ကတော့ မိဘမရှိတော့တာကြောင့် အိမ်နီးချင်းတွေနဲ့ ဆွေမျိုးတွေကနေ အဆက်အသွယ်နဲ့ ဒီကျောင်းကို ရောက်လာကြတာလည်း ရှိတယ်လို့ ဆရာတော်က မိန့်ပါတယ်။

ဘ၀စုံနဲ့ရောက်လာကြတာကြောင့် နာမည်ရင်းတွေရှိသလို ရောက်လာတဲ့ အကြောင်းတရားပေါ်မူတည်ပြီး ဆရာတော်က နာမည်မှည့်ပေးထားတဲ့ သူတွေလည်းရှိတယ်။ နာမည်အဆန်းတစ်ခုအနေနဲ့ ကြားရ တာကြောင့် ဘာကြောင့် ဒီနာမည်ပေးထားတာလဲ ဆရာတော်ကို လျှောက်မေးမိပါတယ်။ နာမည် က မောင်“ရထား”တဲ့။ အဖေဖြစ်သူနဲ့ မန္တလေးကနေ လိုက်ပါခဲ့ပြီး ရထားပေါ်မှာ ဖခင်ဖြစ်သူက ရုတ်တရက်ဆုံးသွားကာ ကလေးငယ်တစ်ဦးတည်း ကျန်ခဲ့တာကိုတွေ့ရှိပြီး ကျောင်းကိုရောက်ရှိလာ တာကြောင့် ခေါ်ယူကျွေးမွေး စောင့်ရှောက်ခဲ့ပြီး ဆရာတော်က “ရထား”လို့ချစ်စနိုး နာမည်ပေးထားပါ တယ်။ စတွေ့တုန်းက အသက် နှစ် နှစ်ပဲရှိသေးပြီး အခုတော့ လေးနှစ်ဝန်းကျင်ရှိခဲ့ပြီ။ နောက်နှစ် ဆို ကျောင်းက အစ်ကိုတွေ၊ အစ်မတွေလို စာသင်ရတော့မယ့် ကလေးပါ။ ရထားလို အရွယ်တူ ကလေးတွေဖြစ်တဲ့ စိုင်းပန်လေးရဲ့ဘ၀ကလည်းတစ်မျိုးပါ။ မွေးချင်းမောင်နှမ ခြောက်ယောက်ရှိပြီး သူ့ရဲ့အထက်မှာ အစ်ကို နှစ်ယောက်၊ အစ်မ တစ်ယောက်နဲ့ အောက်မှာ ညီလေး နှစ်ယောက်တဲ့။ ဒေသ မတည်ငြိမ်တာကြောင့် အဖေ၊ အမေက ပညာသင်ကြားဖို့၊ စား၊ ၀တ်၊ နေမှုအတွက် စိုင်းပန်လေးဟာ ဒီကျောင်း ရောက်လာခဲ့ရတယ်။ ဒီကျောင်းမှာ စိုင်းပန်တို့လို ရွယ်တူတွေနဲ့ ကစားရတယ်။ စားရတယ်၊ အိပ်စရာနေရာရှိလို့လားမသိပါ။ စိုင်းပန် ပျော်လားမေးတော့ ပျော်တယ်ဆိုကာ ပြုံးပြီးဖြေတယ်။

ကျောင်းလေးထဲက ဆယ်ကျော်သက်အရွယ် ညီမလေးတစ်ဦးကတော့ သူ့အသက် ၁၃ နှစ်မှာ အစ်ကိုဖြစ်သူက ခေါ်လာမှုကြောင့် ကရင်ပြည်နယ် ကော့ကရိတ်ကနေ ရန်ကုန်ကို ရောက်ပြီး ဒီပရဟိတကျောင်းလေးကို ရောက်လာခဲ့တယ်လို့ ပြောပြပါတယ်။ အဖေ မရှိတော့ဘဲ အမေပဲရှိပြီး အစ်ကိုဖြစ်သူကတော့ ဘုန်းကြီးကျောင်းတစ်ခုမှာ ကိုရင်ဝတ်ပြီး ပရိယတ္တိပညာတွေကို သင်ကြားနေ တယ်တဲ့။ ပရဟိတကျောင်းကိုရောက်တော့ ရှစ်တန်းမှ ပညာဆက်သင်ရပြီး အခု ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်ကနေ သင်္ချာနောက်ဆုံးနှစ်ကို စာမေးပွဲဖြေထားပြီးပြီ ဖြစ်တယ်။ ဆရာတော်က ပညာ သင်ပေးပြီး ကျောင်းစရိတ်ပေးသလို သွားဖို့၊ လာဖို့အတွက် တစ်ပတ်စာမုန့်ဖိုး လည်း ပေးတယ်တဲ့။ ၀တ်ဖို့အတွက်ကလည်း မပူရပါတဲ့။ အလှူရှင်တွေယူလာတဲ့ တစ်ပတ်နွမ်းလေးတွေထဲက ကိုယ်နဲ့တော်တဲ့အ၀တ်တွေကို ရကြတယ်။ ကျောင်းပြီး စားမေးပွဲဖြေပြီးတာကြောင့် ဆရာတော်ဆီ ပုံမှန်လာရောက်လှူဒါန်းနေတဲ့ အလှူရှင်တွေရဲ့ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး ဆရာတော်က အလုပ် လုပ်ကိုင်ဖို့ စီစဉ်ပေးပြန်ပါတယ်။

ဒါတင်မကသေးဘူး။ အချိန်တန် အရွယ်ရောက်လာတဲ့ ကျောင်းရှိကလေးတွေထဲက ကြင်ဖော်ရှိလာ တာကြောင့် လာရောက်တောင်းရမ်းလာတဲ့အခါ ဆရာတော်ကပဲ ဦးစီးပြီး မိဘရှိသေးတဲ့ကလေးတွေကို မိဘတွေဆီ ဆက်သွယ်ပြီး“အ၀ါဟ ၀ိဝါဟ”မင်္ဂလာအမှုကိုလည်း စီစဉ်ပေးပြန်ပါသေးသတဲ့။

ပရဟိတကျောင်းလေးက ကျောင်းရှိ သံဃာနဲ့ ကလေးအရွယ်စုံတွေအတွက် နံနက်စာ၊ နေ့လယ်စာ၊ ညစာတွေကို တာဝန်ယူချက်ပြုတ်ကျွေးမွေးပေး၊ ချက်ပြုတ်ရေး တာဝန်ခံ ဒေါ်သီတာက ကျောင်းရဲ့ စားစရိတ်ကိုတော့ ဆရာတော်က တရားဟောပြီးရလာတဲ့ အလှူငွေတွေနဲ့ ကျွေးမွေးသလို အကြောင်းသိအလှူရှင်တွေရဲ့ အဆက်အသွယ်နဲ့ လာရောက်ကျွေးမွေးတဲ့ အလှူရှင်တွေကြောင့် ကလေးတွေဟာ အလှူရှင်မရှိတဲ့ရက်အချို့က လွဲရင်အသားဟင်းနဲ့အရန်ဟင်းကို ၀၀လင်လင် စားနိုင်ကြပါတယ်တဲ့။ အလှူရှင်မရှိတဲ့ရက် ဆိုရင်တော့ ကျောင်းမှာ လာလှူထားတဲ့ ပဲ၊ အာလူးတွေနဲ့ သင့်တော်သလို ချက်ပြုတ်ကျွေးမွေးပြီး အလှူရှင်ရှိရင်တော့ အသားဟင်းနဲ့ ချက်ပြုတ်ကျွေးမွေးပါတယ်။ တစ်နေ့ကို နံနက်စာနဲ့ညစာအတွက် ဆန်နှစ်အိတ် ချက်ရပါတယ်။

ဒီပရဟိတကျောင်းလေးဟာ ဘာပဲပြောပြော၊ ကလေးငယ်တွေရဲ့ ဒုတိယအိမ်ပါပဲ။ မောင်နှမအရင်းတွေနဲ့ အတူမနေရပေမယ့် ရွယ်တူ၊ အစ်ကို၊ အစ်မတွေနဲ့ တူတူနေရပြီး ရှေ့ဆက်ရမယ့်ဘ၀လေးတွေမှာ အဆင်ပြေစွာနေနိုင်ဖို့ မိဘအဖြစ် ဆရာတော်ရဲ့ သွန်သင်မှုအောက်မှာ ရှိကြရပါတယ်။ လူမျိုးမတူ၊ ဘာသာမတူ၊ စရိုက်မတူပေမယ့် သူတို့လေးတွေဟာ မူရင်းမိဘအိမ်လိုပဲ ဒုတိယအိမ်ဖြစ်တဲ့ ဒီပရဟိတကျောင်းလေးမှာ လုံခြုံစွာနေထိုင်ခွင့်ရတယ်။

အမှန်တော့ ဒီလိုပရဟိတကျောင်းတွေဟာ ဒီတစ်နေရာတည်းမှာတော့ မဟုတ်ပါဘူး။ အများအကျိုးအ တွက် ကိုယ်တတ်နိုင်သလောက် တစ်ပိုင်တစ်နိုင် ဖွင့်လှစ်ထားကြတဲ့ ပရဟိတကျောင်းတွေ ဒေသအနှံ့မှာ ရှိပါတယ်။ ဦးစီးပြီး ဆောင်ရွက်နေကြတဲ့ သူတွေဟာ ကိုယ့်နိုင်ငံအတွင်းရှိ မပြည့်စုံတဲ့ ကလေးငယ် ဘ၀လေးတွေကို တတ်နိုင်သလောက် ကောင်းမွန်အောင် ပျိုးထောင်ပေးကြတာကြောင့် ဥယျာဉ်မှူးတွေရဲ့ စိတ်၊ စေတနာ ဖြစ်နေပြီး မေတ္တာတရားအနေနဲ့လည်း မွန်မြတ်သန့်စင်လွန်းလှပါတယ်။

လက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံလို့ကြားကောင်းအောင်ပြောနေတဲ့ မြန်မာနိုင်ငံအတွက် ပရဟိတကျောင်းတွေဟာ စား၊ ၀တ်၊ နေရေး ခက်ခဲမှု ရှိနေကြတဲ့ ဒေသအသီးသီးရှိ အခြေခံလူတန်းစားတွေအတွက် အားထားစရာပါ။ ဒီလိုပရဟိတကျောင်းတွေကနေ တိုင်းပြည် အတွက် နောင်တစ်ချိန်မှာ ဦးဆောင်နိုင်မှုနေရာမှာ ပါဝင်လာနိုင် တဲ့ ကလေးငယ်၊ လူငယ်တွေဟာ အရေအတွက် နည်းနိုင်တယ်ဆိုဦးတော့ သူတို့တွေရဲ့ဘ၀ဟာ အတန် အသင့်ကောင်းမွန်မှုကို ပိုင်ဆိုင်ကြမှာတော့ အသေအချာပါပဲ။
တင်ယုနွယ်
Eleven Media Group