Wednesday, February 26, 2014

စစ်တွေမြို့တွင် နယ်စည်းမထား ဆရာဝန်များအဖွဲ့ ရခိုင်ပြည်နယ်မှ ထွက်ခွာရန် နှစ်ရက်ထပ်တိုး ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ကို ဆန္ဒပြ ကန့်ကွက်နေသော် လည်း ထွက်ခွာသွားခြင်း မရှိသဖြင့် နောက်ထပ် နှစ်ရက်တိုးကာ ဆန္ဒပြနေကြောင်း ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောကြားသည်။

MSF အဖွဲ့ ရခိုင်ပြည်နယ်မှ ထွက်ခွာသွားရန် ဖေဖော်ဝါရီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင် ကျောင်း တက်လမ်း ရပ်ကွက် ဦးဥတ္တမလမ်းပေါ်ရှိ MSF ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တွင် ကျောင်းတက်လမ်း ရပ်ကွက် အောင်ထွန်းဦးလမ်းပေါ်ရှိ MSF ရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း ၎င်းကဆိုသည်။
“မထွက်မချင်း ဆန္ဒပြမယ်။ ဆန္ဒပြတာကို အရှိန်တိုးမြှင့်ဖို့လည်း စီစဉ်ထားတယ်” ဟု ဒေါ်ညိုအေးက ပြော ဆိုသည်။

MSF အဖွဲ့သည် ရခိုင်တိုင်းရင်းသားများကို ခွဲခြားဆက်ဆံခြင်း၊ ဘင်္ဂါလီများကိုသာ ဆေးဝါးကုသ မှု၊ ထောက်ပံ့ ကူညီမှုများပေးခြင်း၊ ဘင်္ဂါလီများကို ရိုဟင်ဂျာ တိုင်းရင်းသားအဖြစ် သတ်မှတ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဖိအားပေးခြင်း၊ ဇန်နဝါရီလ အတွင်းက ဖြစ်ပွား ခဲ့သည့် မောင်တောမြို့နယ် ဒုချီးရား တန်းကျေးရွာ အကြမ်းဖက်မှုတွင် သတင်းမှား ထုတ်ပြန်ခြင်းစသည့် အချက်များကြောင့် ဆန္ဒပြခြင်း ဖြစ်ကြောင်း ရခိုင်လူမှုကွန်ရက်ထံမှ သိရှိရသည်။

သုံးရက်ကြာ ဆန္ဒပြပြီ ဖြစ်သော်လည်း MSF အဖွဲ့က တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးကြောင်း ဒေါ် ညိုအေးက ဆိုသည်။

ရခိုင်ပြည်နယ်မှ ထွက်သွားရန် ဒေသခံများ၏ ဆန္ဒပြ တောင်းဆိုမှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း၊ ဆန္ဒပြမှုနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံညှိနှိုင်းရန် လိုလားကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr.Peter-Paul de Groote က The Voice သို့ ပြောကြားထားသည်။

စစ်တွေမြို့တွင် MSF အဖွဲ့ရုံး ၁၄ ရုံးဝန်းကျင် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
The Voice Weekly