Wednesday, February 26, 2014

အမျိုးသားပညာရေး ဥပဒေကြမ်း ယခုနှစ်အတွင်း အပြီးသတ် ရေးဆွဲမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် အခြေခံကျသော အမျိုးသား ပညာရေး ဥပဒေကြမ်းကို ယခုနှစ်အ တွင်း အပြီးသတ် ရေးဆွဲမည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာကိုကိုဦးက The Voice သို့ ပြောကြားသည်။

အမျိုးသားပညာရေး ဥပဒေကြမ်း သီးသန့် ရေးဆွဲနေသော ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင် မှု ကော်မတီနှင့် နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက် (NNER) တို့ကို မတ်လတွင် ကျင်းပမည့် အမျိုးသားအဆင့် ပညာရေး ဆွေးနွေးပွဲတွင် ဖိတ်ကြားပြီး ယင်းဆွေးနွေးပွဲမှ ရရှိလာသော အကြံပြုချက်များကို အဆိုပါ ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲရန် စီစဉ်ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“အမျိုးသားအဆင့် ဆွေးနွေးပြီးတာနဲ့ ဥပဒေကြမ်း ထွက်လာလိမ့်မယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦးက ပြောဆိုသည်။

ယင်းဆွေးနွေးပွဲတွင် အရပ်ဘက် ပညာရေး အဖွဲ့အစည်းများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်း သား ကျောင်းသူများ အားလုံးနှင့် ညှိနှိုင်းဆွေးနွေးပြီး သီးသန့် ရေးဆွဲနေသော ဥပဒေကြမ်းများကို တစ်ခုတည်း ပေါင်းစည်းရန် ရည်ရွယ်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အစိုးရ၏ ပညာရေး ပြုပြင်ပြောင်းလဲရေးကို အထောက်အကူ ပြုစေရန်ဖြစ်ပြီး လက်ရှိအဆင့်မြင့် ပညာတက္ကသိုလ်များ ပေါင်းစည်းရေး အပါအဝင် အခြေခံပညာ ကဏ္ဍပြုပြင်ရေးအတွက် အမျိုးသား ပညာရေး ဥပဒေကြမ်းကို လိုအပ်နေကြောင်း ပညာရေး အသိုင်းအဝိုင်းက ဆိုသည်။

သို့သော် အစိုးရအဖွဲ့နှင့် NNER တို့အကြား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပညာရေးစနစ်နှင့် တိုင်းရင်းသား ဘာသာ သင်ကြားရေးအတွက် ညှိနှိုင်းဆဲအချက်များ ကျန်ရှိနေပြီး ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနှင့်လည်း ဆွေးနွေးနေဆဲ ရှိကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။

အမျိုးသားပညာရေး ဥပဒေကြမ်းကို ၂၀၁၂ ခုနှစ်တွင် ပြည်သူ့လွှတ်တော်နှင့် NNER တို့က စတင်ရေးဆွဲခဲ့ပြီး အစိုးရ အဖွဲ့က ၂၀၁၃ ခုနှစ်ကုန်ပိုင်းတွင်မှ ပညာရေး မူဝါဒများကို ရေးဆွဲခဲ့သည်။
The Voice Weekly