Thursday, February 27, 2014

ဝါယာရှော့ခ် ဖြစ်ရာမှ ပဲခူး သီရိဥဿာ နှစ်ထပ်ဈေးရှိ ဆိုင်ခန်း ၉၄ ခန်း မီးလောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
ပဲခူးမြို့နယ် အမှတ် (၁၉) ရပ်ကွက်၊ သီရိဥဿာ နှစ်ထပ်ဈေးကြီးတွင် ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁ နာရီ ၁၅ မိနစ်က ဈေးအောက်ထပ်ရှိ လုံခြုံရေး မီးလိုင်းများ ထားရှိရာ အခန်းမှ ဝါယာကြိုးများ အပူလွန်ကဲကာ ဝါယာရှော့ခ် ဖြစ်ရာမှ ဆိုင်ခန်း ၉၄ ခန်း မီးလောင် ဆုံးရှုံးခဲ့ကြောင်း ပဲခူးတိုင်း ဒေသကြီး မီးသတ် ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

ရန်ကုန်- မန္တလေး လမ်းဟောင်း ဘေးရှိ အာစီ အဆောက်အအုံ နှစ်ထပ်ဈေးကြီး၏ မီးလောင်ကျွမ်းမှုကို မီးလောင်ပြီး မိနစ် ၂၀ ကြာ၌ သတင်းရရှိစဉ် ဈေးအတွင်းရှိ ဆိုင်ခန်းများသို့ ကူးစက် လောင်ကျွမ်းနေပြီ ဖြစ်ကြောင်း၊ ယင်းမီးလောင်မှုကို သုံးနာရီ နီးပါး မီးငြှိမ်းသတ်ခဲ့ရကြောင်း ပဲခူးတိုင်း ဒေသကြီး မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“မီးထဲပါသွားတဲ့ ဆိုင်ခန်း အများစုက ကုန်ခြောက်ဆိုင်နဲ့ အထည်ဆိုင်တွေ။ အပေါ်ထပ်က Micky Mouse စားသောက်ဆိုင် တစ်ခြမ်းနဲ့ ကလေး ကစားကွင်း တစ်ခြမ်းလည်း မီးထဲ ပါသွားတယ်” ဟု မီးလောင်မြင်ကွင်း သွားရောက် ကြည့်ရှုခဲ့သော အမှတ် (၁၉) ရပ်ကွက်တွင် နေသူ အသက် ၅၀ အရွယ်ရှိ အမျိုးသားကြီး တစ်ဦးက ပြောကြားသည်။

အဆိုပါ နှစ်ထပ်ဈေးကြီးတွင် အောက်ထပ်၌ အခန်းပေါင်း ၁၉၈ ခန်း ရှိပြီး အပေါ်ထပ်တွင် ကလေး ကစားကွင်း ရှိရာ ဝါယာရှော့ခ် ဖြစ်ရာမှ မီးလောင် ခဲ့သောကြောင့် ဆိုင်ခန်းပေါင်း ၉၄ ခန်းနှင့် ကလေး ကစားကွင်းရှိ မျက်နှာကြက်များ မီးလောင် ဆုံးရှုံးခဲ့ကြောင်း ပဲခူးခရိုင် မီးသတ် ဦးစီးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

“ဈေးတစ်ခြမ်းလောက် မီးထဲ ပါသွားတယ်။ ခုဈေးပိတ်ထားပြီး နောက်အပတ်မှ ပြန်ဖွင့်မယ်လို့ ကြားသိရတယ်။ မီးလောင်ချိန်က မြို့ပေါ်နေတဲ့ လူတွေ အကုန် ထွက်ကြည့်ကြတာ ကားလမ်းတွေ ပိတ်ကုန်တယ်။ ဆိုင်တွေထဲက ပေါက်ကွဲသံတွေ တဝုန်းဝုန်း ကြားနေရတာ ထိတ်လန့်စရာကြီး” ဟု (၁၉) ရပ်ကွက်တွင် နေသူ ဦးအေးဆွေက ရှင်းပြသည်။

မီးငြှိမ်းသတ်ရန် ပဲခူးမြို့နယ် မီးသတ်တပ်ဖွဲ့ အပြင် သနပ်ပင်၊ ဝေါ၊ လှည်းကူး၊ ထောက်ကြန့် မြို့နယ်တို့မှ မီးသတ် ယာဉ်များဖြင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၆၀ ဦး၊ အရန်မီးသတ် ၅၀ ဦး၊ ကြက်ခြေနီ ၂၀ ဦး အပါအဝင် မြို့နေ ပြည်သူများ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များတို့မှ ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၄၅ မိနစ်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

ပဲခူး သီရိဥဿာ နှစ်ထပ်ဈေးကြီး မီးလောင်ကျွမ်းမှုကြောင့် ဈေးတာဝန်ခံ ဦးစိုးမင်းထွန်း၊ ညစောင့် ဈေးလုံခြုံရေး ဦးမောင်ဝင်းနှင့် ဦးချစ်ကိုတို့ကို ပဲခူးမြို့မ ရဲစခန်းမှ (ပ) ၁၅၄/ ၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ပဲခူးမြို့မ ရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly