Sunday, February 2, 2014

ပါတီတွင်း တာဝန်ယူထားပြီး အလုပ်မလုပ်သူများကို ကွင်းဆင်းစစ်ဆေးကာ အစားထိုး လဲလှယ်သွားမည်

ဖေဖော်ဝါရီ ၃၊ တနင်္လာနေ့၊ ၂၀၁၄
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်၊ ခရိုင်များတွင် အလုပ်အမှုဆောင်တာဝန်များယူထားပြီး အလုပ် မလုပ်သူများကို ကွင်းဆင်းစစ်ဆေးတော့မည်ဟု NLD ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ပြောရေးဆိုခွင့် ရှိသူ ဒေါ်နန်းခင်ထွေးမြင့်က မဇ္ဈိမကို ပြောသည်။

ပါတီတွင်း နေရာယူထားကာ တာဝန်ကျေပွန်စွာ မထမ်းဆောင်သူများကို ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ် ရန် ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်သည့် ဗဟိုအလုပ်မှုဆောင်ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။ ယင်းကို ဖေဖော်ဝါရီနှင့် မတ်လနှစ်လအတွင်း အပြီးဆောင်ရွက်မည် ဖြစ်သည်။

“တိုင်းနဲ့ ပြည်နယ်တွေကနေ တိုင်စာတွေလာတာရှိတယ်။ ဒီတိုင်ကြားတာတွေ ဟုတ်၊ မဟုတ်ကို ဗဟိုအ လုပ်မှုဆောင်ကော်မတီဝင်တွေက ကိုယ်တာဝန်ယူထားတဲ့နယ်တွေကိုဆင်းပြီး စစ်ဆေးမှာ။ ဟုတ်တယ်၊ မှန်တယ်ဆိုရင်လည်း ဖြုတ်တာတို့ ဘာတို့ လုပ်မှာမဟုတ်ပါဘူး။ လုပ်နိုင်မယ့်သူကို တာဝန်ပေးတာတို့ လုပ်သွားမှာပါ”ဟု ကရင်ပြည်နယ် စည်းရုံးရေးတာဝန်ခံ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒေါ်နန်းခင် ထွေးမြင့်က ပြောသည်။

ပါတီတွင်း နေရာများရယူထားကာ လုပ်ငန်းတာဝန်မကျေပွန်သူများကို မည်သည့်အကြောင်းကြောင့် ပျက်ကွက်မှုများရှိနေသည်ကို စစ်ဆေးသွားမည်ဖြစ်ပြီး အဆိုပါနေရာများတွင် အမှန်တကယ် တာဝန် ထမ်းဆောင်နိုင်သူများကို အစားထိုးတာဝန်ပေးသွားမည်ဟု ဆိုသည်။

ထိုသို့လုပ်ဆောင်ခြင်းက ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ ပါတီစည်းရုံးရေးလုပ်ငန်းများ မြန်ဆန် စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

NLD ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဉဏ်ဝင်းက “အစည်းအဝေးမှာ ပါတီတွင်း စည်းရုံးရေးအ တွက် ပါတီလိုအပ်ချက်တွေဖြည့်ဖို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေက သူတို့နယ်မြေတွေ ဆင်း ပြီး ဆောင်ရွက်ဖို့အတွက် ဆွေးနွေးကြပါတယ်”ဟု ဖေဖော်ဝါရီလ ၁ ရက်တွင် ပြုလုပ်သော ဗဟိုအလုပ် မှုဆောင်ကော်မတီ အစည်းအဝေးနှင့်ပတ်သက်ပြီး ပြောသည်။

ပါတီ၏ တိုင်းနှင့်ပြည်နယ်အလိုက် စည်းရုံးရေးတာဝန်များကို ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် အသီး သီးအား တာဝန်ခွဲဝေပေးအပ်ခြင်းအား ဒီဇင်ဘာလ ၂၇ ရက်တွင် ပါတီဗဟိုဌာနက ထုတ်ပြန်ခဲ့ပြီးဖြစ် သည်။

နေပြည်တော်မှအပ ပြည်နယ်နှင့်တိုင်း ၁၄ ခုကို ဗဟိုကော်မတီဝင် ၁၄ ဦးက တွဲဖက်တာဝန်ယူကာ စည်း ရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ရန် အဖွဲ့ချုပ်မှ တာဝန်ပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဟိန်းကိုစိုး
Mizzima - News in Burmese