Monday, February 3, 2014

တိုင်းပြည် မဆုတ်ယုတ်ကြောင်းတရား

စင်ကာပူနိုင်ငံရောက် အင်ဂျင်နီယာလေးတစ်ဦးက ဘုရားရှင်ဟာ “သဗ္ဗညုတ ဘုရားရှင်” ဖြစ်ပြီးမှ အမှား လုပ်မိသေးလား” လို့ မေးပါတယ်။ “မလုပ်မိဘူး” လို့ဖြေတော့ “ဝေသာလီ တိုင်းပြည်ဟာ ဘုရားရဲ့ အမှားကြောင့် ပျက်စီးခဲ့ရတာ မဟုတ်ဘူးလား” လို့ ပြန်ပြောပါတယ်။ စာကို သေချာ ဖတ်မထားရင်၊ စာပေကျမ်းဂန် နှံ့နှံ့စပ်စပ် ဖတ်မထား သူမှန်ရင် သူထင်သလိုပဲ ထင်ကြမှာပါပဲ။

သူက အရှင်အာနန္ဒာနဲ့ ဘုရားရှင်တို့ အပြန်အလှန်ပြောတဲ့ စကားတွေကြောင့် ဝေသာလီပြည် ပျက်စီးရတယ်လို့ ထင်မှတ်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ သာသနာတော်အတွက် ဖြေရှင်းပေးသင့်တဲ့ ကိစ္စဖြစ်သလို မြန်မာနိုင်ငံကြီးကို ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်နေရာမှာလည်း ဒီအချက်အလက်တွေဟာ အထောက်အကူ ပြုနိုင်တာကြောင့် ရေးသားတင်ပြ ပေးချင်ပါတယ်။

ဝေသာလီပြည်နဲ့ ရာဇဂြိုဟ်ပြည် အကြားမှာ တစ်နှစ်လျှင် အခွန်ငွေ တစ်သိန်းထွက်ရှိတဲ့ ဆိပ်ကမ်းရွာလေး တစ်ရွာ ရှိပါတယ်။ အဲဒီရွာကလေးဟာ ရွာတစ်ဝက်က ဝေသာလီ နယ်နိမိတ်ထဲ ပါဝင်ပြီး တစ်ဝက်က ရာဇဂြိုဟ် နယ်နိမိတ်ထဲ ပါဝင်နေကာ တိုင်းပြည်နှစ်ခု သူပိုင်ငါပိုင် အငြင်းပွားနေတဲ့ ရွာကလေးပါ။ အခွန်ကောက်ချိန် ရောက်ရင် ဝေသာလီကအရင် ရောက်လာရင် ရွာသူကြီးက ဝေသာလီကို ပေးလိုက်ပါတယ်။ ရာဇဂြိုဟ်အရင် ရောက်လာရင်လည်း ရာဇဂြိုဟ်ကို ပေးလိုက်ပါတယ်။ စည်းကမ်းရှိတာက ဝေသာလီကို ပေးလိုက်ရင်လည်း ရာဇဂြိုဟ်က ရွာသူကြီးကို ပြဿနာ မရှာပါဘူး။ ရာဇဂြိုဟ်ကို ပေးလိုက်တဲ့ နှစ်မှာလည်း ဝေသာလီက ပြဿနာ မရှာပါဘူး။ မြန်မာနိုင်ငံမှာ ပြည်နယ်အချို့မှာ လက်နက်ကိုင်က အခွန်ကောက်လိုက် အစိုးရက အခွန် ကောက်လိုက် ဖြစ်နေတာကို ပြည်သူတွေကို ထောက်ထားသောအားဖြင့် ပြန်လည် စဉ်းစားသင့်တယ်လို့ ထင်မြင်မိပါတယ်။

တစ်နှစ်တော့ ဝေသာလီက အရင်ရောက်လာတာမို့ ရာဇဂြိုဟ်လာတဲ့အခါမှာ ဝေသာလီကို ပေးလိုက်ပြီ ဖြစ်ကြောင်း ရွာသူကြီးက တင်ပြပါတယ်။ ဝေသာလီက အခွန်ငွေ တစ်သိန်းကို ၂ နှစ်ဆက်တိုက် ရရှိသွားပါတယ်။ ရာဇဂြိုဟ်အဖွဲ့ဟာ နေပြည်တော် ပြန်ပြီး အဇာတသတ်မင်းကို အကြောင်းစုံ တင်လျှောက်ပါတယ်။ တင်ပြမှု အဆုံးမှာ အဇာတသတ်မင်းဟာ ဒေါသ ခြောင်းခြောင်းထွက်ပြီး “ဝေသာလီကို အပြုတ်တိုက်ပြီး ဝဇ္ဇီမင်းမျိုးတွေကို မျိုးတုံးသတ်မယ်” လို့ပြောပြီး ဝေသာလီကို စစ်သွားတိုက်ဖို့ ဆိုင်ရာ စစ်သူကြီးတွေကို စစ်အင်္ဂါလေးပါး ပြင်ခိုင်းပါတယ်။ စစ်ချီဖို့ အဆင်သင့် ဖြစ်နေပြီဆိုတဲ့ အကြောင်း ဆိုင်ရာစစ်သူကြီးများက တင်ပြတဲ့အခါမှာ အဇာတသတ်မင်းဟာ သတိပြန်ကပ်ပြီး “တိုင်းတစ်ပါးကို စစ်တိုက်ခြင်းကား အလွန်ဝန်လေး၏။ ပညာရှိတို့နဲ့အရင် တိုင်ပင်သင့်၏။ ဤလောက၌ ဘုရားတည်းဟူသော ပညာရှိမည်သည်ရှိ၏။ အကယ်၍ ငါစစ်ထိုး၍ အကျိုးရှိမည် ဖြစ်လျှင် ဘုရားရှင်သည် ဆိတ်ဆိတ်နေလိမ့်မယ်။ အကျိုးမရှိလျှင် စစ်တိုက်လို့ ဘာအကျိုးရှိမှာလဲလို့ မိန့်တော်မူလိမ့်မယ်” လို့ ကြံစည် စဉ်းစားပြီး ဝေဿကာရ အမတ်ချုပ်ကြီး ဘုရားဆီ စေလွှတ်ပြီး အကြောင်းစုံ လျှောက်ထားခိုင်းပါတယ်။

ဝေဿကာရ အမတ်ချုပ်ကြီးရဲ့ လျှောက်ထားချက်ကို ကြားသိရတဲ့ ဘုရားရှင်ဟာ အမတ်ချုပ်ကြီးကို ဘာမှမပြောဘဲ အနားမှာ ယပ်ခတ်ပေးနေတဲ့ အရှင်အာနန္ဒာမထေရ်ကို မေးခွန်းများ မေးတော်မူပါတယ်။

၁။ “ချစ်သား အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေးကုန်၏လော။ အကြိမ်များစွာ စည်းဝေးကုန်၏လော။ သင်ချစ်သား အဘယ်သို့ ကြားရကုန်သနည်း”

“မြတ်စွာဘုရား၊ ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေးကုန်၏။ အကြိမ်များစွာ စည်းဝေးကုန်၏ဟု တပည့်တော် ကြားသိရပါသည်”

“အာနန္ဒာ၊ ဝဇ္ဇီမင်းတို့ မကြာမကြာ စည်းဝေးကုန်လျက် ကြိမ်ဖန်များစွာ စည်းဝေးနေကြသမျှ ကာလပတ်လုံး ဆုတ်ယုတ် ပျက်စီးရန် အကြောင်းမရှိ။ ကြီးပွား တိုးတက်ရန်သာ အကြောင်းရှိ၏”

၂။ “ချစ်သား အာနန္ဒာ၊ ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးကုန်လော။ အညီအညွတ် အစည်းအဝေးမှ ထကြကုန်၏လော။ တိုင်းရေးပြည်ရာ ကိစ္စများကို အညီအညွတ် ဆောင်ရွက်ကြကုန်၏လော။”

“မြတ်စွာဘုရား၊ ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးကုန်၏။ အညီအညွတ် အစည်းအဝေးမှ ထကြကုန်၏။ တိုင်းရေးပြည်ရာ ကိစ္စများကို အညီအညွတ် ဆောင်ရွက်ကုန်၏”

“အာနန္ဒာ၊ အညီအညွတ် စည်းဝေးကြကုန်လျက် အညီအညွတ် အစည်းအဝေးမှ ထကြကုန်လျက် တိုင်းရေးပြည်ရာ ကိစ္စများကို အညီအညွတ် ဆောင်ရွက်နေကြသမျှ ကာလပတ်လုံး ပျက်စီးဆုတ်ယုတ်ရန် အကြောင်းမရှိ။ ကြီးပွား တိုးတက်ရန်သာ အကြောင်းရှိ၏”

၃။ “ချစ်သား အာနန္ဒာ၊ ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ဘဲ ရှိကုန်၏လော။ ပညတ်ပြီးသော အရာကို မပယ်ဖျက်ဘဲ ရှိကုန်၏လော။ ပညတ်ထားသမျှသော ကျင့်ထုံးဥပဒေတို့ကို လိုက်နာကြကုန်၏လော”

“မြတ်စွာဘုရား၊ ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ကြကုန်။ ပညတ်ပြီးသော အရာကိုလည်း မပယ်ဖျက်ကြကုန်။ ပညတ်ထားသမျှသော ကျင့်ထုံးဥပဒေတို့ကိုလည်း လိုက်နာကြကုန်၏”

“အာနန္ဒာ၊ ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ကြဘဲ။ ပညတ်ပြီးသော အရာကိုလည်း မပယ်ဖျက်ဘဲ။ ပညတ်ထားသမျှသော ကျင့်ထုံးဥပဒေတို့ကိုလည်း လိုက်နာနေကြသမျှ ကာလပတ်လုံး ပျက်စီး ဆုတ်ယုတ်ရန် အကြောင်းမရှိ။ ကြီးပွားတိုးတက်ရန်သာ အကြောင်းရှိ၏။” ဒီအမေးအဖြေမှာ မပညတ်ခဲ့သော အရာကို မပညတ်ကြဘဲဆိုတာက ရှေးမင်းများ လက်ထက် အခွန်အတုတ် မကောက်ယူခဲ့တဲ့ အရာဌာနတွေကို အခွန်ကောက်ယူခြင်း မယူခြင်းကို မေးမြန်းလိုတာ ဖြစ်ပါတယ်။ ပညတ်ပြီးသော အရာကိုလည်း မပယ်ဖျက်ဘဲဆိုတာက ရှေးမင်းများလက်ထက် ကောက်ယူခဲ့တဲ့ အခွန်အတုတ်တွေကို မှန်မှန်ကန်ကန် ကောက်ယူရဲ့လားလို့ မေးမြန်းလိုရင်း ဖြစ်ပါတယ်။

၎။ “ချစ်သား အာနန္ဒာ၊ ဝဇ္ဇီမင်းတို့သည် အသက်ကြီးကုန်သော ဝဇ္ဇီမင်းတို့ကို အရိုအသေ ပြုကြကုန်၏လော။ အလေးပြုကြကုန်၏လော။ မြတ်နိုးကုန်၏လော။ ပူဇော်ကုန်၏လော။ ထိုအသက်ကြီးသူတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်ကြကုန်၏လော”

“မြတ်စွာဘုရား၊ ဝဇ္ဇီမင်းတို့သည် အသက်ကြီးကုန်သော ဝဇ္ဇီမင်းတို့ကို အရိုအသေ ပြုကြကုန်၏။ အလေးပြုကြကုန်၏။ မြတ်နိုးကုန်၏။ ပူဇော်ကုန်၏။ ထိုအသက်ကြီးသူတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်ကြကုန်၏”

“အာနန္ဒာ၊ ထိုသို့ဖြစ်လျှင် ဝဇ္ဇီမင်းတို့သည် ပျက်စီး ဆုတ်ယုတ်ရန် အကြောင်းမရှိ။ ကြီးပွားတိုးတက်ရန်သာ အကြောင်းရှိ၏”

၅။ “ချစ်သား အာနန္ဒာ၊ ဝဇ္ဇီမင်းတို့သည် အမျိုးသမီးကြီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင်အထက် မသိမ်းပိုက်ဘဲ ရှိကြကုန်၏လော”

“မြတ်စွာဘုရား၊ ဝဇ္ဇီမင်းတို့သည် အမျိုးသမီးကြီးငယ်တို့ကို အတင်း ဆွဲငင်၍ အနိုင်အထက် မသိမ်းပိုက်ကြပါကုန်”

“အာနန္ဒာ၊ ထိုသို့ဖြစ်လျှင် ဝဇ္ဇီမင်းတို့သည် ပျက်စီး ဆုတ်ယုတ်ရန် အကြောင်းမရှိ။ ကြီးပွားတိုးတက်ရန်သာ အကြောင်းရှိ၏”

၆။ “ချစ်သား အာနန္ဒာ၊ ဝဇ္ဇီမင်းတို့သည် မြို့တွင်း မြို့ပြင်ရှိ နတ်ကွန်းတို့ကို အရိုအသေ ပြုကြကုန်၏လော။ အလေးပြုကြကုန်၏လော။ မြတ်နိုးကုန်၏လော။ ပူဇော်ကုန်၏လော။ ထိုနတ်ကွန်းတို့ကို ရှေးက ပေးလှူမြဲ ပြုမြဲ ဖြစ်သော တရားနှင့် မဆန့်ကျင်သည့် ဗလိနတ်စာကိုလည်း မဆုတ်ယုတ် စေဘဲရှိကုန်၏လော”

“မြတ်စွာဘုရား၊ ဝဇ္ဇီမင်းတို့သည် မြို့တွင်း မြို့ပြင်ရှိ နတ်ကွန်းတို့ကို အရိုအသေ ပြုကြကုန်၏။ အလေးပြုကြကုန်၏။ မြတ်နိုးကုန်၏။ ပူဇော်ကုန်၏။ ရှေးက ပေးလှူမြဲ ပြုမြဲဖြစ်သော တရားနှင့် မဆန့်ကျင်သည့် ဗလိနတ်စာကိုလည်း မဆုတ်ယုတ်စေကုန်”

“အာနန္ဒာ၊ ထိုသို့ဖြစ်လျှင် ဝဇ္ဇီမင်းတို့သည် ပျက်စီး ဆုတ်ယုတ်ရန် အကြောင်းမရှိ။ ကြီးပွားတိုးတက်ရန်သာ အကြောင်းရှိ၏”

မြို့တွင်း မြို့ပြင်ရှိ နတ်ကွန်းတို့ကို အရိုအသေပြုကြကုန်၏။ အလေးပြု ကြကုန်၏။ မြတ်နိုးကုန်၏။ ပူဇော်ကုန်၏။ ရှေးက ပေးလှူမြဲ ပြုမြဲဖြစ်သော တရားနှင့် မဆန့်ကျင်သည့် ဗလိနတ်စာကိုလည်း မဆုတ်ယုတ်စေသော မင်းတို့အား နတ်တို့သည် အစောင့်အနေ ကောင်းစွာ ချထားမှု မပြုကြကုန်။ နတ်တို့သည် မဖြစ်သေးသော ဆင်းရဲဒုက္ခကို ဖြစ်စေရန် မစွမ်းနိုင်ကြကုန်သော်လည်း ဖြစ်နေသော နှာစေးခြင်း၊ ခေါင်းကိုက်ခြင်းစသော ဆင်းရဲဒုက္ခတို့ကို တိုးပွားအောင် ပြုလုပ်နိုင်ကြကုန်၏။ ဗလိနတ်စာ တင်မြှောက်သော မင်းအား နတ်တို့သည် တတ်နိုင်သမျှ စောင့်ရှောက်ကြကုန်၏။ ဖြစ်နေသော ချောင်းဆိုး၊ ခေါင်းကိုက်စသော ရောဂါဝေဒနာတို့ကိုလည်း လျင်မြန်စွာ ပျောက်ကင်းအောင် လုပ်ပေးကြကုန်၏။ စစ်ဖြစ်သောအခါမှာ မိမိတိုင်းပြည်မှ တပ်တို့သည် ရှိရင်းထက် နှစ်ဆသုံးဆသဖွယ် တစ်ဖက်ရန်သူ အမြင်မှားရအောင် ဖန်ဆင်း ပေးကြကုန်၏။ တစ်ဖက်ရန်သူတို့ ကြောက်မက်ဖွယ်ရာ အဆင်းသဏ္ဌာန်တို့ ဖန်ဆင်းပြ ကုန်ကြ၏” လို့ ဒီအမေးအဖြေနဲ့ ပတ်သက်လို့ မဟာဗုဒ္ဓဝင်ကျမ်းမှာ မင်းကွန်းဆရာတော်ဘုရားကြီးက အကျယ်တဝင့် ရှင်းလင်း ပေးထားပါတယ်။

၇။ “ချစ်သား အာနန္ဒာ၊ ဝဇ္ဇီမင်းတို့သည် မကြွလာသေးသော ရဟန္တာတို့ကို ကြွလာစေခြင်းငှာ၊ ကြွလာပြီးသော ရဟန္တာတို့ကိုလည်း ဝဇ္ဇီတိုင်း၌ ချမ်းသာစွာ နေရခြင်းငှာ တရားနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက် ကာကွယ် ပေးကြကုန်၏လော”

“မြတ်စွာဘုရား၊ ဝဇ္ဇီမင်းတို့သည် မကြွလာသေးသော ရဟန္တာတို့ကို ကြွလာစေခြင်းငှာ၊ ကြွလာပြီးသော ရဟန္တာတို့ကိုလည်း ဝဇ္ဇီတိုင်း၌ ချမ်းသာစွာ နေရခြင်းငှာ တရားနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက် ကာကွယ်ပေးကြကုန်၏”

“အာနန္ဒာ၊ ထိုသို့ဖြစ်လျှင် ဝဇ္ဇီမင်းတို့သည် ပျက်စီး ဆုတ်ယုတ်ရန် အကြောင်းမရှိ။ ကြီးပွား တိုးတက်ရန်သာ အကြောင်းရှိ၏”

ဘုရားရှင်ဟာ အရှင်အာနန္ဒာ အမေးအဖြေ ပြုပြီးနောက်မှာ “ဝဿကာရ တစ်ခါတုန်းက ဝေသာလီပြည် သာရန္ဒဒ နတ်ကွန်း၌နေစဉ် ဝဇ္ဇီမင်းတို့အား တိုင်းပြည် ကြီးပွား တိုးတက်ကြောင်း ဤအပရိဟာနိယတရား ခုနစ်ပါးတို့ကို ငါဘုရား ဟောကြားခဲ့လေပြီ။ ဝဇ္ဇီမင်းတို့သည် ဤအပရိဟာ နိယတရားတို့ကို ကျင့်သုံးနေသမျှ ကာလပတ်လုံး ပျက်စီး ဆုတ်ယုတ်ရန် အကြောင်းမရှိချေ” လို့ အမတ်ချုပ်ကြီးကို မိန့်တော်မူပါတယ်။

ဒီအခါမှာ အမတ်ချုပ်ကြီးက “မြတ်စွာဘုရား၊ ဤအပရိဟာနိယတရား တစ်ပါးပါးနဲ့ ပြည့်စုံနေလျှင်ပင် ဝဇ္ဇီမင်းတို့ အဖို့ရာ ပျက်စီး ဆုတ်ယုတ်ရန် အကြောင်းမရှိပါ။ ခုနစ်ပါးလုံး ကျင့်နေလျှင်ကား ဆိုဖွယ်ရာ မရှိပါ။ အဇာတသတ်မင်းသည် ဖြားယောင်း သွေးဆောင်မှုကိုဖြစ်စေ အချင်းချင်း စိတ်ဝမ်း ကွဲစေမှုကို ဖြစ်စေ မပြုလုပ်ဘဲ စစ်တိုက်လျှင် ဝဇ္ဇီတိုင်းပြည်ကို သိမ်းပိုက်နိုင်ဖွယ်ရာ မရှိပါ။ တပည့်တော်တို့ကို ခွင့်ပြုပါဦး။ တပည့်တော်တို့သည် ပြုလုပ်ဖွယ်ရာ ကိစ္စများ ပြားကြပါကုန်၏” လို့ လျှောက်ထား ကန်တော့ပြီး နန်းတော် ပြန်သွားပါတယ်။

ဘုရားရှင်ဟာ အရှင်အာနန္ဒာနဲ့ အမေးအဖြေ စကားတို့ကို ဝဿကာရ ကြားသိပြီး ဝဇ္ဇီမင်းတို့ကို စစ်တိုက်ရန် ဗျူဟာ ရသွားမှာကို မသိ မဟုတ်ပါဘူး။ သိပါတယ်။ သိရဲ့နဲ့ ဘာလို့ ပြောတုံးဆိုတော့ အကယ်၍ ယခုလို မပြောဘဲနေရင် အဇာတသတ်မင်းက ဝဇ္ဇီမင်းတွေ အုပ်ချုပ်တဲ့ ဝေသာလီကို စစ်သွားတိုက်တော့မှာပါ။ အဇာတသတ်မင်းဟာ စစ်အင်အား အင်မတန် ကြီးမားတဲ့ စစ်ဘုရင်ကြီးမို့ အပရိဟာနိယ တရားကို ဝဇ္ဇီမင်းတွေ ကျင့်သုံးနေပါသော်လည်း အဇာတသတ်ကို စစ်ရှုံးကြရမှာပါ။ အဲဒီခေတ်အခါမှာ အဇာတသတ်မင်းရဲ့ ဂုဏ်ထူးတစ်ခုက “များသော စစ်အင်အားရှိသော မင်းကြီး” ဆိုတာ ဖြစ်ပါတယ်။ အခုလို မြတ်စွာဘုရားရဲ့ အမေးအဖြေစကားကြောင့် အဇာတသတ်မင်းဟာ ဝဇ္ဇီမင်းတွေ အချင်းချင်း စိတ်ဝမ်းကွဲအောင် လုပ်တာ သုံးနှစ်ကြာသွားတာမို့ ဝဇ္ဇီမင်းတွေအဖို့ အသက်သုံးနှစ် ရှင်သန်ခွင့် ပိုရသွားကြပါတယ်။ မြတ်စွာဘုရားသာ အမေးအဖြေမလုပ်ရင် ဝဇ္ဇီမင်းတွေ ရက်ပိုင်းအတွင်းမှာ သေကုန်ကြရမှာပါ။ မြတ်စွာဘုရားဟာ လှည့်ပတ် ပြောဆိုရာ မကျဘူးလားလို့ မေးစရာရှိပါတယ်။ လှည့်ပတ် ပြောဆိုရာ မကျပါဘူး။ အကယ်၍ စစ်အင်အားချင်းသာ ညီခဲ့မယ်ဆိုရင် ဒီတရား ခုနစ်ပါးကို ကျင့်သုံးတဲ့ နိုင်ငံက သေချာပေါက် စစ်နိုင်မှာပါ။ မြတ်စွာဘုရားရှင်က သီအိုရီကို ပြောပြခြင်းမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် ဝေသာလီ တိုင်းပြည် ပျက်တာ ဘုရားရှင်ရဲ့ အမှားမဟုတ်ပါဘူး။

မြတ်စွာဘုရားရှင် မိန့်ကြားချက်များကို ခြုံငုံ သုံးသပ် ကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်အုပ်ချုပ်သူတွေဟာ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး မှန်မှန်ကန်ကန် အလုပ်လုပ်ပြီး တရားဥပဒေကို အုပ်ချုပ်သူ လူတန်းစားများ ကိုယ်တိုင် လေးစားလိုက်နာရင် တိုင်းပြည်ဟာ ဖွံ့ဖြိုး တိုးတက်မယ်လို့ မိန့်တော်မူရင်း ဖြစ်တယ်ဆိုတာ သိသာ ထင်ရှားပါတယ်။ ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ တိုင်းပြည်တစ်ခုဖြစ်ဖို့ လူတန်းစားမရွေး တရားဥပဒေကို လေးစား လိုက်နာဖို့ရန် လိုအပ်ပါတယ်။
မိုးသု (မန္တလေး)
The Voice Weekly