Thursday, February 13, 2014

လွှတ်တော်နှင့်ဆိုင်သည့်အချက်အလက်များ ကြည့်နိုင်မည့် ၀က်ဘ်ဆိုဒ်လွှင့်တင်

ဖေဖော်ဝါရီ ၁၃ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄
လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်သည့် အချက်အလက်များ ကြည့်ရှုနိုင်ပြီး ၎င်းတို့တင်ထား သော အဆိုများ ၊ဆွေးနွေးထားသည့် အချက်အလက်များကိုပါ ကြည့်ရှုနိုင်မည့် ၀က်ဘ်ဆိုဒ်တစ်ခုကို လွှင့်တင်သွားမည်ဖြစ်ရာ ဖေဖော်ဝါရီ ၁၅ ရက်တွင် Beta Version ကို လွှင့်တင်သွားမည်ဖြစ်သည်ဟု အဆိုပါဝက်ဘ်ဆိုဒ်ရေးဆွဲနေသည့် နည်းပညာဆိုင်ရာပညာရှင် ဦးစိုးသီဟနောင်က မဇ္ဈိမကို ပြောသည်။

အဆိုပါဝက်ဘ်ဆိုဒ်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်သည့်အချက်အလက်များကို ဖေဖော်ဝါရီလကုန်တွင် အပြီးထည့်သွင်းသွားမည်ဖြစ်ပြီး ၎င်းတို့တင်ခဲ့သည့် အဆိုများ၊ ဆွေးနွေးချက်များ ထည့်သွင်းရန်မှာမူ အချိန်ယူရဦးမည်ဖြစ်ကာ ယင်းအချက်အလက်များကို လွှတ်တော်မှ ရရှိမည်ဖြစ်သည်။

အဆိုပါ ၀က်ဘ်ဆိုဒ်လွှင့်တင်ခြင်းနှင့် ပတ်သက်ပြီး ဦးစိုးသီဟနောင်က“ လွှတ်တော်အမတ်တွေ ဆွေးနွေး ချက်တွေအားလုံး အတိအကျအလွယ်တကူရှာနိုင်အောင် စီစဉ်တာပါ။ ကျွန်တော်တို့ ၀က်ဘ်ဆိုဒ်က သူကဏ္ဍအလိုက် ခွဲထားလို့ အလွယ်တကူ ရှာလို့ရမယ်။ အဓိကက လွှတ်တော်အမတ်တွေကို အလွယ်တ ကူရှာလို့ရအောင် စီစဉ်တာပါ” ဟု ဆိုသည်။

အဆိုပါ ၀က်ဘ်ဆိုဒ်မှာ www.omimyanmar.org ဖြစ်ပြီး ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကို ကြီးက အကြံပေးပြီး နောက်ပိုင်းပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ယင်းအပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ အီးမေးလ်လိပ်စာရရှိပါက အဆိုပါဝဘ်ဆိုဒ်တွင် ဆွေးနွေး ချက်များနှင့် ပတ်သက်ပြီးမှတ်ချက် (Comment) ၀င်ပေးပါက ၄င်းတို့၏ အီးမေးလ်သို့ တိုက်ရိုက်ရောက် ရှိနိုင်အောင် ချိတ်ဆက်ပေးထားမည်ဟုလည်း ဦးစိုးသီဟနောင်က ဆိုသည်။

၎င်းက “ကျွန်တော်တို့ ၀က်ဘ်ဆိုဒ်မှာ လွှတ်တော်အမတ်တွေကို တိုက်ရိုက်ကွန်မန့်ပေးလို့ရတဲ့ အစီအစဉ် ထည့်ထားပါတယ်။ အီးမေးလ်ရရင် တိုက်ရိုက်ချိတ်မယ်။ သူတို့အီးမေးလ်ပေးရင် ကျွန်တော်တို့ဆီ ကွန်မန့် ရောက်တာနဲ့ အီးမေးလ်ရောက်အောင် တိုက်ရိုက်ချိတ်ဆက်ပေးထားပါမယ်။ ဒါကတော့ သူတို့အီးမေးလ် ပေးမှလုပ်လို့ရမယ်” ဟုဆိုသည်။

အဆိုပါ ၀က်ဘ်ဆိုဒ်သည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်လုံးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အချက်အလက်များကို လေ့လာနိုင်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် မိမိမြို့နယ်ကိုယ်စား လှယ်ကို အလွယ်တကူရှာနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

စမ်းသပ်လွှင့်တင်ပြီး နောက်ပိုင်းလိုအပ်သည်များရှိပါက အကြံဉဏ်များပေးနိုင်မည်ဖြစ်ကာ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးခဲ့သည့်အချက်အလက်များ ထည့်သွင်းပြီးစီးမည့် အချိန်ကိုမူ အတိအကျ မပြောနိုင်သေးဟုလည်း ၎င်းကဆိုသည်။ ဆွေးနွေးခဲ့သည့်အချက်အလက်များထည့်သွင်းရာတွင် လွှတ် တော်စတင်ခဲ့သည့် အချိန်မှစ၍ အချက်အလက်များကိုထည့်သွင်းသွားမည်ဖြစ်သည်။
တင်ဇာအောင်
Mizzima - News in Burmese