Friday, January 24, 2014

ပိုက်ဆံအိတ် ကျမပျောက်အောင် အကာအကွယ်ပေးမည့် SmartWallit Pro

24 Jan 2014
ပိုက်ဆံအိတ် ကျပျောက်သွားပါက အလွယ်တကူ ရှာဖွေနိုင်မည့် ကိရိယာ တစ်မျိုးကို စတင်၍ ရောင်းချရန် စီစဉ်နေပြီ ဖြစ်သည်။ ဗြိတိန်ဈေးကွက်တွင် (၃၆)ပေါင်ဖြင့် စတင်ရောင်းချမည့် Bluetooth ချိတ်ဆက်နိုင်သော ကိရိယာလေးသည် မိမိ၏ ပိုက်ဆံအိတ်နှင့် ပိုင်ရှင်တို့ ပေ(၃၀)မျှ ဝေးကွာသွားသည်နှင့် မိုဘိုင်းလ်ဖုန်းထံသို့ လှမ်း၍ သတိပေးမည် ဖြစ်သည်။ iPhoneများနှင့် Android 4.3အထက် OSပါဝင်သော ဖုန်းများတွင် ထည့်သွင်းနိုင်မည့် SmartWallit Proသည် အလောတကြီးနှင့် မေ့မေ့လျော့လျော့ ပေါ့ပေါ့ ဆဆ ရှိတတ်သူများအတွက် အကောင်းဆုံး ဖြေရှင်းမှုတစ်ခု ဖြစ်လာဖွယ် ရှိနေသည်။

ပါးလွှာသည့် အဆိုပါ ကိရိယာလေးသည် ပိုက်ဆံအိတ် တစ်လုံးအတွင်းရှိ ကတ်ပြားထည့်ရာ အိတ် ငယ်လေးတွင် ချပ်ချပ်ရပ်ရပ် ဝင်ဆံ့မည် ဖြစ်သည်။ ထို့နောက် ယင်းကို စမတ်ဖုန်း တစ်လုံးဖြင့် ချိတ်ဆက်ထားရမည်ဖြစ်ပြီး ပိုင်ရှင်နှင့် ပိုက်ဆံအိတ် အလွန်ဝေးကွာသွားသည်နှင့် ဖုန်းတွင် အသံမြည်ကာ အချက်ပေးလာမည်ဟု သိရသည်။ ထို့အပြင် ဖုန်းထဲတွင် သတိပေး Messageတစ်စောင် ဝင်လာပြီး ပိုက်ဆံအိတ်ကို နောက်ဆုံးအကြိမ် မည်သည့်နေရာတွင် ထုတ်ယူ သုံးစွဲခဲ့သည် ဆိုခြင်းကိုပါ သတိပေး ညွှန်ပြမည်ဟု သိရသည်။

SamrtWallit Proကို စတင်ဖန်တီးသူ ဂျက်ဟူးက တက္ကစီပေါ်တွင် ပိုက်ဆံအိတ် မေ့ကျန်ခဲ့ခြင်း မျိုး၊ ဈေးဝယ်ထွက်လာပြီးမှ အိပ်ခန်းထဲတွင် ပိုက်ဆံအိတ် ကျန်ခဲ့သည်ကို သတိရခြင်းမျိုးမှ အကာအ ကွယ် ပေးနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် ပိုက်ဆံအိတ် အခိုးခံရပါက ပိုင်ရှင်ဖြစ်သူ အနေဖြင့် ထောက်လှမ်း သိရှိနိုင်အောင်လည်း ဒီဇိုင်းဆင် ဖန်တီးထားသည်။ ဂျက်က "ပြောရရင်တော့ ဒါဟာ ကိုယ့်ပိုက်ဆံအိတ်က ကိုယ့်ကို ငါဒီမှာ ရှိနေတယ်နော်လို့ လှမ်းအော်ပြီး သတိပေးစေမယ့် နည်းလမ်းမျိုးပဲ ဆိုပါတော့"ဟု ပြောကြားခဲ့သည်။ အဆိုပါ ကိရိယာလေးကို အရောင်(၅)မျိုး ရွေးချယ်နိုင်ပြီး iPhone၊ iPod Touchတို့နှင့် အဆင်ပြေပြေ ချိတ်ဆက်နိုင်သလို Android 4.3 OSကို အသုံးပြုထားသည့် ဖုန်းအချို့နှင့်လည်း ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။
Planet Myanmar Network