Thursday, January 23, 2014

ပြည်ခိုင်ဖြိုးနှင့် NLD တို့ ရန်ဘက်အဖြစ် သဘောမထားရန် ညွှန်ကြားထား

ဇန်န၀ါရီ ၂၄ ရက်၊ သောကြာနေ့၊ ၂၀၁၄
ပြည်ထောင်စုလွှတ်တော်အတွင်း အင်အားကြီး ပါတီနှစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တို့၏ ဥက္ကဋ္ဌများက ၎င်းတို့ပါတီဝင်များကို တစ်ဖက်နှင့်တစ် ဖက် ရန်ဘက်အဖြစ် သဘောမထားကြရန် ညွှန်ကြားထားကြောင်း ဇန်န၀ါရီ ၂၃ ရက်တွင် နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်း၌ ပြောကြားသည်။

အာဏာရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇမ္ဗူသီရိခန်းမဆောင်တွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် “USDP ပါတီက NLD ပါတီအပေါ် အခြား မည်သည့်ပါတီအပေါ်မဆို လုပ်ဖော်ကိုင် ဖက်သဘောထားဖို့ အမြဲတမ်း တိုက်တွန်းပါတယ်။ ကိုယ်တိုင်လည်း ကြိုးစားပါတယ်”ဟု ပြောသည်။

ထို့အတူ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း “အခြားအဖွဲ့အစည်းတွေနဲ့ ရန်ဘက်ဖြစ်အောင် မလုပ်ပါနဲ့၊ ပြိုင်ဘက်ဟာ ပြိုင်ဘက်ပဲ ရန်ဘက်မဟုတ်ဘူး။ ပြိုင်မှာပဲ ရွေးကောက်ပွဲကျရင် အနိုင်ရအောင် လုပ်မှာပဲ။ ရန်ဘက်အနေနဲ့နေဖို့ မဟုတ်ဘူး၊ ဘယ်သူနဲ့မှ ရန်ဖြစ်ဖို့မဟုတ်ဘူး”ဟု ပြည်သူ့လွှတ်တော်သို့ လေ့လာရေးလာရာက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များကို ပြောခြင်းဖြစ်သည်။

ထို့ပြင် ၎င်းတို့နှစ်ဦးစလုံးက လာမည့်ရွေးကောက်ပွဲတွင် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ရန်ကိုလည်း မှာကြား ထားကြသည်။ ဒေါ်အောင်ဆန်းစုကြည်က “ကိုယ်က ပြိုင်တဲ့အခါမှာ သန့်သန့်ရှင်းရှင်းနဲ့ တရားမျှမျှတတ ပြိုင်ရမယ်။ မဟုတ်ရှိရင် ပြည်သူတွေက တစ်ခါနှစ်ခါလောက်တော့ ကြည့်ကောင်းအောင် မဲထည့်ရင် ထည့်မယ်။ ကြာရင်တော့ လက်ခံမှာမဟုတ်ဘူး။ ကိုယ်က မှန်မှန်ကန်ကန်လုပ်မှ ဖြောင့်ဖြောင့်မတ်မတ် လုပ်မှ ထိထိရောက်ရောက်လုပ်နိုင်မှ ပြည်သူတွေက ရေရှည်မှာထောက်ခံမှာပါ”ဟု ပြောသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြင့် အာဏာရပါတီအဖြစ် ရပ်တည်နေသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း လာမည့်ရွေးကောက်ပွဲတွင် တရားမျှတစွာယှဉ်ပြိုင်ရန် ပါတီဝင်များကိုတိုက်တွန်း ထားသည်ဟု ပြောသည်။

“ပြိုင်မယ် တရားသဖြင့်ယှဉ်ပြိုင်မယ်၊ အနိုင်ရအောင်၊ ဒါကြောင့်မို့လို့ USDPပါတီမှာ တရားသဖြင့်ယှဉ် ပြိုင် အောင်နိုင်အောင်ကြိုးပမ်း USDP အစွမ်းဖြစ်ရမယ်လို့ ဒီလို တိုက်တွန်းဆော်သြထားပါတယ်”ဟု ၎င်းက ပြောသည်။
ဉဏ်လှိုင်လင်း
Mizzima - News in Burmese