Sunday, January 5, 2014

သမ္မတ ဦးသိန်းစိန် အစိုးရနဲ့KNU တွေ့ဆုံ

5 ဇန်နဝါရီလ 2014
သမ္မတ ဦးသိန်းစိန်နဲ့ KNU ကိုယ်စားလှယ်တွေ တွေ့ဆုံတာ လေးကြိမ်မြောက် ရှိသွားပြီ။

ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဒီကနေ့ တနဂင်နွေနေ့မှာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့နဲ့ နေပြည်တော် မှာ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

တိုင်းရင်းသားတွေရဲ့ အခြေအနေနဲ့ နိုင်ငံတော်ရဲ့ အခြေအနေကို တဦးနဲ့ တဦး အမြင် ဖလှယ်ကြပြီး တိုင်းပြည် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးမှာ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အဓိက တွေ့ဆုံခဲ့ကြတာ ဖြစ်တယ်လို့ KNU ဗဟို ကော်မီတီဝင် ပဒို မန်းငြိမ်းမောင်က ဘီဘီစီကို ပြောပါတယ်။

တပြည်လုံး အပစ်အခတ် ရပ်စဲရေးကနေ နိုင်ငံရေးအရ ဆွေးနေနွေးနိုင်ဖို့ကို အဓိက ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

နှစ်ဦးနှစ်ဘက်အနေနဲ့ ငြိမ်းချမ်းရေး တကယ်တမ်း လိုချင်ရင် ဆောင်ရွက်လို့ ရကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ပြောခဲ့သလို KNU ဘက်ကလည်း ရိုးသားမှုနဲ့ သစ္စာ ရှိမှု အပေါ် အခြေခံပြီး ဆောင်ရွက်ရင် ငြိမ်းချမ်းရေး ရနိုင်ကြောင်း ပြန်လည် ဆွေးနွေး ပြောဆိုခဲ့တယ်လို့ ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။

တပ်ပိုင်း ဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့တော့ နှစ်ဘက် ပြဿနာ ဖြစ်ပွားရင် အောက်ခြေမှာ ချက်ချင်း ညှိနှိုင်း အရေးယူ ဆောင်ရွက်ဖို့နဲ့ အပေါ်ပိုင်းကလည်း ချက်ချင်း အရေးယူ ညှိနှိုင်း ဆောင်ရွက်ဖို့ကို သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ တောင်းဆို တင်ပြထားတဲ့ ပြည်ထောင်စု တပ်မတော် ဖွဲ့ရေးကိစ္စနဲ့ ပတ်သက်လို့တော့ တကယ့် အခြေအနေနဲ့ လက်တွေ့ ကျမကျ ဆိုတာ ရှိနေတဲ့ အတွက် KNU ဘက်ကရော၊ တပ်မတော်ဘက်ကရော၊ အစိုးရဘက်ကပါ ထုတ်ဖေါ် ဆွေးနေနွေးတာမျိုး လုံးဝ မလုပ်ခဲ့ဘူးလို့ ပဒို မန်းငြိမ်းမောင်က ဘီဘီစီကို ပြောသွားပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)