Thursday, January 23, 2014

ကလေးငယ်များအတွက် Kidizoom စမတ်လက်ပတ်နာရီ

23 Jan 2014
Vtech ကုမ္ပဏီက ကလေးငယ်များအတွက် အထူးသင့်လျော်သည့် စမတ်လက်ပတ်နာရီ တစ်လုံးကို စတင်ထုတ်လုပ် ရောင်းချသွားမည်ဟု သိရသည်။ Vtech၏ Kidizoom စမတ်လက်ပတ်နာရီတွင် Built-inအဖြစ် ထည့်သွင်းထားသည့် လှုပ်ရှားမှု အာရုံခံစနစ်နှင့် ဂိမ်းများ ပါဝင်သည်။ ပေါင်စတာလင် (၄၀)ဖြင့် ဈေးနှုန်းသတ်မှတ် ရောင်းချသော လက်ပတ်နာရီသည် ကလေးကြိုက် ချစ်စဖွယ် ဒီဇိုင်းမျိုး ဖန်တီးထားပြီး (၁.၄)လက်မ အကျယ်ရှိသော Touchscreeနှင့် ဗီဒီယိုကင်မရာငယ် တစ်လုံးတို့ကိုလည်း ထည့်သွင်းထားသည်။ ယင်းလက်ပတ်နာရီသည်ကို ယခုနှစ်ကုန်ပိုင်းတွင် ရောင်းချမည်ဟု VTechက ကြေညာခဲ့သည်။ သို့သော်လည်း နေ့ရက် အတိအကျကိုမူ ကုမ္ပဏီက သတင်းမထုတ်ပြန်သေးချေ။

Kidizoomသည် အသက်(၅)နှစ်ဝန်းကျင် ကလေးများအတွက် ရည်ရွယ်ရောင်းချခြင်း ဖြစ်သော်လည်း ယင်းထက်ငယ်ရွယ်သော ကလေးငယ်များလည်း ဝတ်ဆင်နိုင်သည်။ ယင်းသည် ကလေးငယ်များအတွက် ရည်စူးသည့် နည်းပညာဖန်တီးမှုသစ် တစ်ခုအဖြစ်ပင် ယူဆနိုင်မည်ဟု ကုမ္ပဏီက ညွှန်းဆိုခဲ့သည်။ လက်ပတ်နာရီကို ကွန်ပျူတာ တစ်လုံးဖြင့် ချိတ်ဆက်ပြီး ရုပ်ပုံလေးများ၊ သီချင်းလေးများလည်း သွင်းပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် ကလေးငယ်များ စိတ်ကြိုက်ရိုက်ကူးထားသည့် ဓာတ်ပုံလေးများကို ၎င်းတို့ စိတ်ကူးအတိုင်း ပြင်ဆင်နိုင်မည့် Softwareမျိုးကိုလည်း ထည့်သွင်းပေးထားသည်။

နာရီပေါ်တွင် ပြသမည့် အချိန်ကိုလည်း သာမန် Analog ဒိုင်ခွက် အနေဖြင့်ရော၊ Digital ကိန်းဂဏန်း ပုံစံဖြင့်ပါ စိတ်ကြိုက် ပြောင်းလဲနိုင်မည် ဖြစ်သည်။ Samsungနှင့် Sonyတို့က စမတ်လက်ပတ်နာရီများ ထုတ်လုပ်နေပြီး Appleကလည်း iWatchဟု အမည်တွင်ဖွယ် ရှိနေသည့် စမတ်လက်ပတ်နာရီကို ထုတ်လုပ်ရန် စီစဉ်နေသော်လည်း ယင်းသည် ကလေးများအတွက် အဓိက ပစ်မှတ်ထား ရည်ရွယ်ထားခြင်း မရှိချေ။ VTechက မိမိတို့၏ လက်ပတ်နာရီသည် ကလေးများအတွက် ပျော်ရွှင်မှုကိုသာမကဘဲ စိတ်ကူးဉာဏ် ထက်သန်ကောင်းမွန်အောင် လေ့ကျင့်ကူညီပေးနိုင်မည့် ကိရိယာငယ်လေး တစ်ခုအဖြစ် ညွှန်းဆို ကြေညာထားသည်။
Planet Myanmar Network