Tuesday, January 28, 2014

တရုတ်နိုင်ငံမှ လဆင်းယာဉ်ငယ် Jade Rabbit စက်ချွတ်ယွင်းမှု ဖြစ်ပေါ်

28 Jan 2014
တရုတ်နိုင်ငံမှ လွှတ်တင်ထားသည့် လဆင်းယာဉ် Jade Rabbitသည် လမျက်နှာပြင်ပေါ် လှုပ်ရှားသွား လာရင်း စက်ချွတ်ယွင်း ဖောက်ပြန်သည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း သိရသည်။ Jade Rabbit တွင် စက်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုစနစ်၌ ပုံမှန်မဟုတ်သော အနေအထားမျိုး ကြုံနေရကြောင်း တရုတ်အစိုးရ သတင်းဌာန Xinhuaက ဖော်ပြခဲ့သည်။ လပေါ်တွင် လှည့်ပတ်သွားလာရင်း သုတေသနပြု စူးစမ်းမှုများ လုပ်ဆောင်နေသည့် Jade Rabbitသည် လမျက်နှာပြင်၏ ဖွဲ့စည်းပုံ ရှုပ်ထွေးသော ပတ်ဝန်းကျင် တွင် ပြဿနာများ ကြုံနေကြောင်း ယင်းသတင်းဌာနက အတည်ပြုခဲ့သည်။

အဆိုပါ လဆင်းယာဉ်ငယ်သည် တရုတ်၏ Chang'e-3 စီမံကိန်းမှ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီဇင်ဘာလ က ကမ္ဘာမြေ၏ ဂြိုဟ်ရံလပေါ် ဆင်းသက်ရောက်ရှိခဲ့သည်။ မူလက Jade Rabbitသည် လမျက်နှာပြင် စူးစမ်းရေး လုပ်ငန်းများကို (၃)လကြာ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားသော်လည်း လက်ရှိ အနေ အထားအရမူ လုပ်ငန်းစဉ် အောင်မြင်မှု အတိုင်းအတာကို ခန့်မှန်းရန် အတန်ငယ် ခက်ခဲလာသည့် သဘော ဖြစ်သည်။ ယခုလ အစောပိုင်းက ဘေဂျင်းရှိ အာကာသ ထိန်းချုပ်ရေးစင်တာမှ တာဝန်ရှိသူများက ယူတူဟုလည်း ခေါ်ဝေါ်သည့် Jade Rabbitသည် ၎င်း၏ စက်လက်တံများဖြင့် လမျက်နှာပြင်ကို အောင်မြင် စွာ တူးဖော် စူးစမ်းနိုင်ခဲ့ကြောင်း ကြေညာခဲ့သေးသည်။

လတ်တလောတွင်မူ Jade Rabbit သည် (၁၄)ရက်ကြာ အနားယူနေမည့် မူလအစီအစဉ်အတိုင်း ခေတ္တ ဆိုင်းငံ့ ရပ်နားထားသည်။ လ၏ မျက်နှာပြင် တစ်ဖက်ခြမ်းတွင် (၁၄)ရက်ကြာ နေရောင်ခြည် ကျရောက်မှု မရှိသည့် ကာလကို လူနာညတာကာလဟု ခေါ်ဝေါ်ပြီး ယင်းအခြေအနေတွင် Jade Rabbit အနေဖြင့် နေရောင်ခြည်ကို ခံယူစုဆောင်းနိုင်ခြင်း မရှိသောကြောင့် စွမ်းအင် ပြန်မဖြည့်နိုင်ဘဲ အနားယူနေ ရခြင်း ဖြစ်သည်။

Jade Rabbitတွင် အတန်ငယ် ပြဿနာများ ရှိနေသည်ဟု ကြေညာခြင်းသည် ရည်မှန်းချက် ကြီးမားစွာဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေသော တရုတ်နိုင်ငံ၏ အာကာသ လေ့လာရေး ပညာရပ် လှုပ်ရှားမှုများတွင် နှစ်ပေါင်း အတော်များများအတွင်း ပထမဆုံး ကြုံလာရသည့် စိတ်အနှောင့်အ ယှက် ဖြစ်စရာ အခြေအနေဟုလည်း သိရသည်။ ယခုအခါ Jade Rabbit၏ သတင်းကို တရုတ်နိုင်ငံမှ နာမည်ကျော် Micro Blogging ဝက်ဘ်ဆိုက်ဖြစ်သည့် Weiboတွင်လည်း ဆွေးနွေးလျှက် ရှိကြပြီး တရုတ်နိုင်ငံသား များစွာက Jade Rabbit၏ လုပ်ငန်းဆောင်တာများ ရပ်ဆိုင်းသွားမည်ကို အလေးအနက် စိုးရိမ်နေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Planet Myanmar Network