Thursday, January 23, 2014

iPay ကတ်ဖြင့် ဘတ်စ်ကားစီးသည့် ခရီးသည် တစ်ရက်လျှင် ပျမ်းမျှ ၁၅၀၀ ဦးသာရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၂
ငွေအကြွေပြဿနာ လျော့ပါးစေရန် ရည်ရွယ်ထားသော iPay ကတ်ဖြင့် ဘတ်စ်ကားစီးသည့် ခရီးသည် တစ်ရက်လျှင် ပျမ်းမျှ ၁၅၀၀ ဦးသာ ရှိကြောင်း iPay ကုမ္ပဏီ၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

မထသ (ဗဟို) လက်အောက်ရှိ ယာဉ်လိုင်းများတွင် ငွေအကြွေပြဿနာ သက်သာစေရန် iPay စနစ်များကို တပ်ဆင်ခဲ့ရာ ယာဉ်စီးရေ ၃၃၅ စီးအထိ တိုး၍ တပ်ဆင်ထားပြီး ဖြစ်ပြီး ထပ်မံတိုးချဲ့ တပ်ဆင်နိုင် ရန် ဆောင်ရွက်လျှက် ရှိကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။

iPay ကတ်ပေး၍ ယာဉ်စီးပါက ယာဉ်နောက်လိုက်က စက်ပျက်ခြင်း၊ ဘက်ထရီကုန်ခြင်း စသည့် အကြောင်းပြချက်ဖြင့် ငွေကိုသာ ကောက်ခံကြောင်း၊ တစ်ခါတစ်ရံ စက်က ကတ်ကိုဖတ်သည့် အခါများ တွင်လည်း မှားယွင်းမှုများ ကြုံတွေ့ရကြောင်း iPay ကတ် ပြုလုပ်ထားသည့် ရန်ကုန်မြို့တွင်း သွားလာနေသူ ခရီးသည် အမျိုးသားတစ်ဦးက ပြောကြားသည်။

ယင်းစနစ်တွင် အားနည်းချက်များ ရှိသေးကြောင်း၊ ယာဉ်လုပ်သား၏ အားနည်းချက်များသာ ဖြစ်ပြီး အဆိုပါ စက်ပျက်ခြင်း၊ ဘက်ထရီကုန်ခြင်း စသည်ဖြင့် ငွေကိုသာ ကောက်ခံသည့် ယာဉ်လုပ်သားများ ကိုလည်း အရေးယူသွားမည် ဖြစ်၍ စစ်ဆေးရေးအဖွဲ့များ ဖွဲ့၍ စစ်ဆေးရန် လိုကြောင်း ဦးလှအောင်က ဆိုသည်။

iPay စနစ်ကို ၂၀၁၂ ခုနှစ် ဧပြီလမှ စ၍ အဓိပတိအပြာ ယာဉ်လိုင်းတွင် စတင် စမ်းသပ် အကောင်အ ထည်ဖော် ခဲ့ပြီး iPay Station ကိုးခုကိုလည်း ဖွင့်လှစ်ပြီးဖြစ်ရာ သင်္ဘောနှင့် တက္ကသိုလ်တွင်းရှိ စားသောက် ဆိုင် များတွင်လည်း တပ်ဆင်ခဲ့ပြီး ရထားများ တွင်လည်း တိုးချဲ့ တပ်ဆင်သွားမည် ဖြစ်ကြောင်း iPay ကုမ္ပဏီက ထုတ်ပြန်ထားသည်။
The Voice Weekly