Friday, January 10, 2014

၅၉(စ)ပြင်၊ မပြင် အဖြေသိမှ ဒီချုပ် ရွေးကောက်ပွဲဝင်၊ မ၀င် ပြောမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


Friday, January 10, 2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ရွေး ကောက်ပွဲဝင်ရောက်ခြင်း ရှိ၊ မရှိ ဆိုသည့် ကိစ္စရပ်မှာ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်မှုပြုနိုင်ခြင်း ရှိ၊ မရှိ ဆိုသည့်အပေါ် မူတည်ဆုံးဖြတ် မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်ခရီးစဉ်အတွင်း ပြောကြားလိုက်သည်။

““ကျွန်မတို့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရေး၊ မ၀င်ရေး ဆိုတာ ၅၉ (စ) ကို ပြင်နိုင်၊ မပြင် နိုင်ဆိုတဲ့ အဖြေပေါ်တော့မှ ပြော မယ်။ စဉ်းစားထားတာကတော့ ရှိပေမယ့် အခြေအနေ၊ အချိန်အခါ လိုက်ပြီး ပြောရ တာရှိတယ်။ လောလောဆယ်တော့ စောသေးတယ်”” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ်ခရီးစဉ်အတွင်း တတိယမြောက် ဟောပြောပွဲအဖြစ် ယခုလ ၉ ရက်တွင် ချင်းပြည်နယ် ဟားခါးမြို့ရှိ ၀မ္မသူးမောင် အားကစားကွင်း၌ ပြုလုပ်သော အခြေခံဥပဒေနှင့်ပတ်သက်သည့် ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၅၉ (စ) ကို ပြင်ဆင်နိုင်ခြင်းမရှိပါကလည်း NLD အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲဝင်ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဒီဇင်ဘာလက ကျင်းပသော သတင်း စာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၅၉(စ) နှင့် ပတ်သက်သော သဘောထားကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။
အဆိုပါ ဟောပြောပွဲ၌ တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်စနစ် ထူထောင်ရေးနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ပြီး တိုင်းရင်းသားများ၏ အမြင်ဆန္ဒကို ရယူပြီးမှသာ အားလုံး၏ သဘောတူညီ လိုလားမှုရှိသည့် ဖက်ဒရယ်စနစ်ကို ထူထောင်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒေသခံတိုင်း ရင်းသားများအား ပြောကြားသည်။
““ဖက်ဒရယ်စနစ်ကို ကျင့်သုံးဖို့ ဘယ်နိုင်ငံရဲ့ ပုံစံဖြစ်ရမယ်ဆိုတာ ကျွန်မအနေနဲ့ သတ်မှတ်ထား တာမရှိဘူး။ တိုင်းရင်းသားတွေရဲ့ အမြင်ကို ရယူပြီး အားလုံးရဲ့ သဘောတူညီချက်ကို ရယူပြီးမှ လုပ်ရမှာပေါ့။ ဒုတိယပင်လုံညီလာခံလို တိုင်းရင်းသားအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကြီးတစ်ခုကသာလျှင် အဲ့ဒီအဖြေကို ရရှိစေနိုင်မယ်”” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ သမ္မတအရည်အချင်း သတ်မှတ်ချက်ဖြစ်သည့် အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) သည် မိမိအား တိုက်ရိုက်ရည်ရွယ်ရေးဆွဲ ထားခြင်းဖြစ်ပြီး ထိုကဲ့သို့ အမျိုးသမီးတစ်ဦးကို ရည်ရွယ်ကန့်သတ်ရေးဆွဲထားခြင်းသည် နိုင်ငံအနေဖြင့် အရှက်ရဖွယ်ကိစ္စရပ်တစ်ခုဖြစ်နေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လွှတ်တော်တွင်းရှိ အင်အားကြီးပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီက ပြုလုပ်သည့် အခြေခံဥပဒေပြင်ဆင်ရေး ပါတီ ဗဟိုကော်မတီအစည်းအဝေးတွင် ပုဒ်မ ၅၉ (စ) ကို အကန့်အသတ်ဖြင့်သာ ပြင်ဆင်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ အကြံပြုချက် ပေးပို့ခဲ့သည်။
7Day Daily