Friday, January 3, 2014

ဆော်ဒီမင်းသားတစ်ဦး လူသတ်မှုဖြင့် သေဒဏ် ရင်ဆိုင်ရ

03 Jan 2014
ဆော်ဒီအာရေဗီးယားနိုင်ငံ၏ တော်ဝင်မျိုးနွယ်ဝင် မင်းသားတစ်ဦးသည် လူသတ်မှုကြောင့် ခေါင်းဖြတ်ကွပ် မျက်ခံရမည့် ပြစ်ဒဏ်ချမှတ်ခံရမည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ထုတ်ပြန်ပြောကြားကြောင်း သိရသည်။ အစ္စလာမ်မစ်ဥပဒေကို ခြွင်းချက်မရှိ လိုက်နာရမည်ဖြစ်ကြောင်းနှင့် ဥပဒေတွင် အရှိန်အဝါရှိသူနှင့် အရှိန်အဝါမဲ့သူဟူ၍ ကွဲပြားခြားနားချက်မရှိကြောင်း ဆော်ဒီ ဒုတိယခေါင်းဆောင်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ မင်းသား ဆဲလ်မန်း ဘင်အဗ္ဗဒူလ် အဇစ် အယ်လ် ဆွာဒ်က ပြောကြားပြီး လူသတ်မှုကျူးလွန်သည့် မင်းသားအား ကွပ်မျက်ရန် တောင်းဆိုခဲ့သည်။ လူသတ်မှုကြောင့် သေဒဏ်ကျခံရမည့် မင်းသား၏အမည်ကိုမူ ဆော်ဒီတာဝန်ရှိသူများက ထုတ်ဖော်ခြင်း မရှိချေ။

အစ္စလာမ်မစ်ဥပဒေအရ လူသတ်မှုကျူးလွန်ခဲ့သည့် တရားခံရအနေဖြင့် အသတ်ခံရသူ၏ ဆွေးမျိုးသားချင်း တို့က လျော်ကြေးငွေ တစ်စုံတစ်ရာကို လက်ခံပါက ပြစ်ဒဏ်ကို ရှောင်ရှားနိုင်သည့် အခြေအနေကိုလည်း မင်းသား အဗ္ဗဒူလ် အဇစ်က သုံးသပ်ပြောကြားသည်။ ၎င်းက တရားစီရင်မှုတွင် မည်သူတစ်ဦးတစ်ယောက် ကမျှ ဝင်ရောက်ဟန့်တားနိုင်ခြင်း မရှိကြောင်း၊ ကျူးလွန်ခံရသူ၏ ဆွေမျိုးများက ကြားဝင်စေ့စပ် ကာ လျော်ကြေးပေးမှုကို လက်မခံပါက ဥပဒေအတိုင်းသာ ဆက်လက် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ပြောကြားသည်။ ယခုအမှုတွင် အသတ်ခံရသူ၏ ဖခင်က ၎င်း၏ သားဖြစ်သူ အသတ်ခံရမှု အပေါ် ခွင့်လွှတ်နိုင်စရာမရှိကြောင်းနှင့် လျော်ကြေးပေးသည့် ငွေကြေးမှာ သားတစ်ဦးဆုံးရှုံးရမှုနှင့် နှိုင်း ယှဉ်၍မရနိုင်ကြောင်း တုံ့ပြန်ခဲ့သည်။

ဆော်ဒီသတင်းများတွင် အသတ်ခံရသူ၊ ၎င်း၏ဖခင်နှင့် လူသတ်မှုကျူးလွန်သည့် မင်းသားတို့၏ အမည်များ ကို လျှို့ဝှက်ထားသည်။ ဆော်ဒီတွင် သေဒဏ်ချမှတ် ကွပ်မျက်သည့် အရေအတွက် မြင့်တက် လာကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International ၏ စာရင်းများအရ သိရသည်။ ထိုအဖွဲ့၏ စာရင်းများအရ ၂၀၁၃ ခုနှစ်အစမှ မေလအထိ ၅ လအတွင်း ကွပ်မျက်မှု ၄၇ ခုရှိခဲ့ပြီးဖြစ်သည်။ ထိုအရေအတွက်မှာ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် တစ်နှစ်အတွင်း ကွပ်မျက်ခဲ့သည့် အရေအတွက်နှင့် နှိုင်းယှဉ်ပါက မြင့်တက်လာခြင်းလည်း ဖြစ်သည်။ ဆော်ဒီတွင် ၂၀၁၁ ခုနှစ်က ကွပ်မျက်မှု ၈၂ ခုနှင့် ၂၀၁၂ ခုနှစ်တွင် ၈၂ ခုရှိခဲ့ကြောင်း သိရှိရသည်။
Planet Myanmar Network