Friday, January 3, 2014

အမေရိကန် တက္ကသိုလ်ခွဲနှစ်ခု ယခုနှစ်လယ် စတင်ဖွင့်လှစ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂
မြန်မာနိုင်ငံတွင် အမေရိကန် ထိပ်တန်း တက္ကသိုလ်ကြီးများဖြစ်သော University of Northern Iowa နှင့် Western Illinois University တို့က တက္ကသိုလ်ခွဲများ ဖွင့်လှစ်ပြီး စီးပွားရေးနှင့် သိပ္ပံပညာ ဘွဲ့လွန် သင်တန်းများကို ယခုနှစ်လယ်ပိုင်းတွင် ပထမဦးဆုံးအကြိမ် သင်ကြားတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ ပညာရေးဆိုင်ရာ အကျိုးဆောင် ပုဂ္ဂိုလ်တစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းဘွဲ့ကြို သင်တန်းများကို University of Northern Iowa နှင့် Western Illinois University တို့က တိုက်ရိုက် လာရောက် ဖွင့်လှစ်ခြင်းကြောင့် သင်ကြားရေးပိုင်းတွင် အဆိုပါ တက္ကသိုလ်များက ပါမောက္ခများသာ သင်ကြားမည် ဖြစ်ကြောင်း၊ တက်ရောက်ခွင့် ရရှိသူတိုင်းသည် ဘွဲ့လွန်သင်တန်း မတက်မီ အင်္ဂလိပ် ဘာသာစကား ထပ်မံသင်ကြားရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

တက်ရောက်နိုင်သော ဘာသာရပ်များမှာ University of Northern Iowa တွင်Master of Business Administration သင်တန်း ပါဝင်ပြီး Western Illinois University အတွက်မူ သိပ္ပံ ဘာသာရပ်များကို ယာယီ ရွေးချယ်ထားကြောင်း၊ လာမည့် ဖေဖော်ဝါရီလတွင် တက္ကသိုလ် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး အသေးစိတ် ညှိနှိုင်းရန် စီစဉ်နေကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။
“ကျောင်းစရိတ်က ဒီတက္ကသိုလ်ကြီးတွေရဲ့ ကျောင်းဝင်ကြေးအပြင် ဝန်ဆောင်ခ ထပ်ပေးရပါမယ်။ အသေးစိတ်တော့ မပြောနိုင်သေးဘူး” ဟု အဆိုပါ အကျိုးဆောင် တာဝန်ခံက ဆိုသည်။

ပြည်ပ ပညာရေး စိတ်ပါဝင်စားသူ များသည် ကုန်ကျစရိတ် သက်သာသော အရှေ့တောင်အာရှ ဒေသတွင်း တက္ကသိုလ် များကိုသာ ရွေးချယ် သင်ကြားကြပြီး အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ တက္ကသိုလ်တို့ကိုမူ အကြောင်း အမျိုးမျိုးကြောင့် ရွေးချယ်သူ နည်းပါးခဲ့သော်လည်း ယခုအစိုးရသစ် လက်ထက်တွင် ယင်းနိုင်ငံများသို့ သွားရောက် သင်ကြားသူ သိသိသာသာ များပြားခဲ့ကြောင်း ပြည်ပ ပညာရေး အကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။

ယင်းအပြင် ၂၀၁၃ နှစ်ဆန်းပိုင်းတွင် အမေရိကန်-မြန်မာ တက္ကသိုလ်များအကြား ပူးပေါင်း ဆောင်ရွက်မှု ပိုင်း သိသိသာသာ တိုးမြှင့်လာပြီး ယခုကဲ့သို့ အမေရိကန် တက္ကသိုလ်ခွဲများလည်း လာရောက် ဖွင့်လှစ်ရန် သဘောတူညီမှု ရယူနိုင်ခဲ့သည်။
The Voice Weekly