Friday, January 17, 2014

သမ္မတ၏ မကွေးခရီးစဉ်တွင် ပြည်သူတစ်ဦးက အခက်အခဲများကို တိုက်ရိုက်တိုင်ကြား

မိမိ၏ အခက်အခဲများကို သမ္မတလမ်းကြောင်းတွင် အော်ဟစ်၍တိုင်ကြားနေသော ဒေါ်သန်းမြင့်ကို တွေ့ရစဉ် ဓာတ်ပုံ - ထွန်းခိုင်
မကွေး Friday, January 17, 2014
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မကွေးခရီးစဉ်အတွင်း အမျိုးသမီးကြီးတစ်ဦးက တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် အစိုးရအရာရှိများမှာ ပြည်သူများ၏တိုင်ကြားမှုကို လျစ်လျူရှုထားကြောင်း အော်ဟစ်တိုင်ကြားခဲ့ သည်။

မကွေးမြို့တွင် သမ၀ါယမ၀န်ကြီးဌာနက ဇန်န၀ါရီ ၁၆ ရက် တွင် ကျင်းပသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည့် သမ္မတသည် အခမ်းအနားမှ ပြန်လည်ထွက်ခွာလာစဉ် ယင်းကဲ့သို့ အော်ဟစ် တိုင်ကြားခံခဲ့ရခြင်းဖြစ်သည်။
““သမ္မတကြီး ကယ်တော်မူပါ။ ဦးဖုန်းမော်ရွှေက လျစ်လျူရှုထားပါတယ်။ ၀န်ကြီးချုပ်က လျစ်လျူရှုထား တာပါ။ သမ္မတကြီးကယ်မှဖြစ်မှာပါ။ ပညာရေးဝန်ထမ်း အငြိမ်းစားပါ။ စစ်မှုထမ်းဟောင်းရဲ့ ဇနီးပါ။ နေစရာ မရှိတော့လို့ပါ”” ဟု သမ္မတလမ်းကြောင်း ပြန်လည်ထွက်ခွာလာချိန်တွင် အမျိုးသမီးကြီးက အော်ဟစ် တိုင်ကြားခဲ့သည်။

ထိုကဲ့သို့ သမ္မတခရီးစဉ်အတွင်း ပြည်သူက အခက်အခဲများ အော်ဟစ်အကူအညီတောင်းခံမှုမှာ ပထမဆုံး အကြိမ်ဖြစ်သည်။ ရာနှင့်ချီသော ဒေသခံများက သမ္မတကို ထောက်ခံကြောင်း အော် ဟစ်နေချိန်တွင် အဆိုပါအမျိုးသမီးက ယင်းကဲ့သို့ အော်ဟစ်တိုင်ကြားခြင်း ဖြစ်သည်။ အစပိုင်းတွင် လုံခြုံရေးအရာရှိများက တင်းကျပ်စွာ တားမြစ်ခဲ့သော်လည်း သမ္မတက ကားတန်းကိုရပ်ခိုင်းပြီး တိုင်ကြားမှုကို ဥပဒေဘောင် အတွင်းမှ အရေးယူဆောင်ရွက်ပေးရန် ဒေသခံအာဏာပိုင်များအား ညွှန်ကြားခဲ့ကြောင်း မျက်မြင်တွေ့ရှိ သူများက ပြောသည်။

အဆိုပါအမျိုးသမီး အော်ဟစ်တိုင်ကြားချိန်နှင့် အစိုးရအရာရှိများအား သမ္မတက ညွှန်ကြားချိန်တွင် တိုင်းဒေ သကြီးဝန်ကြီးချုပ်သည် သမ္မတနှင့် မော်တော်ယာဉ်တစ်စီးတည်းတွင် အတူရှိနေကြောင်း မျက်မြင်တွေ့ ရှိသူများက ပြောသည်။

နေအိမ်ပိုင်ဆိုင်မှု အငြင်းပွားမှုနှင့် ပတ်သက်ပြီး တရားရုံး၏ ဆုံးဖြတ်ချက်ကို မကျေနပ်ခြင်းကြောင့် ပြန် လည်စစ်ဆေးအရေးယူပေးရန် နိုင်ငံတော်သမ္မတထံ တိုင်ကြားခြင်းဖြစ်ကြောင်း အော်ဟစ်တိုင်ကြားခဲ့ သူ  ဒေါ်သန်းမြင့်က 7Day Daily နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

၎င်း၏ မကျေလည်မှုများကို အစိုးရအရာရှိများ၊ လွှတ်တော်နှင့် အခြားအဖွဲ့အစည်းများထံ အကြိမ် ၁၀၀ ထက် မနည်း တိုင်ကြားခဲ့သော်လည်း မည်သူမျှအရေးတယူမလုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။
““ကျွန်မက စာပေးဖို့ပဲ ကြိုးစားတာ။ နောက် ရဲမေတွေက ကျွန်မကို ချုပ်ထားတော့ အတင်းကုန်းအော် ရတာ။ သမ္မတကြားရအောင်”” ဟု ဒေါ်သန်းမြင့်က ပြောသည်။

သမ္မတညွှန်ကြားမှုများ ပြုလုပ်ပြီးနောက် ဒေသအာဏာပိုင် အစိုးရအရာရှိများက ၎င်းကိုခေါ်ဆောင်သွားပြီး အဖြစ်အပျက်များနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းမှုများ ပြုလုပ်ကာ အရေးယူဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့ကြောင်း ဒေါ်သန်းမြင့်က ပြောကြားသည်။

““ကျွန်မကို အန္တရာယ်ပေးတဲ့သူရှိရင် တစ်စုံတစ်ရာခြိမ်းခြောက်တဲ့သူရှိရင် အကြောင်းကြားဖို့လည်း ပြော တယ်”” ဟု သမ္မတထံ တိုင်ကြားမှုအပြီး အာဏာပိုင်များ၏ တုံ့ပြန်ချက်ကို ၎င်းကပြောကြားသည်။ထို့အပြင် တိုင်းဒေသကြီး ၀န်ကြီးချုပ်ကလည်း ငွေကြေးအချို့ ချက်ချင်းထောက်ပံ့ခဲ့ကြောင်း ၎င်းကပြောသည်။

အဆိုပါဖြစ်စဉ်ကို နိုင်ငံပိုင်ရုပ်သံက ည ၈ နာရီသတင်းတွင် ဒေါ်သန်းမြင့်ကိုပါ တွေ့ဆုံမေးမြန်း၍ ထုတ်လွှင့်သွားသည်။
 မိုးကျော်/ထွန်းခိုင်
7Day Daily