Sunday, January 12, 2014

မြန်မာထံမှရရန်ရှိသောအကြွေး ကန်ဒေါ်လာ သန်းငါးဆယ်ကျော် ဒိန်းမတ်အစိုးရလျှော်ပေး

နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို ဒိန်းမတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောက်ရွက်မှုဝန်ကြီးနှင့်အတူ တွေ့ရစဉ် ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်ဒ်
ကိုပင်ဂေဟင် Sunday, January 12, 2014
ဒိန်းမတ်နိုင်ငံက မြန်မာနိုင်ငံထံမှရရန် ကျန်ရှိသော အကြွေး ကန်ဒေါ်လာ သန်း ၅၀ ကျော်ကို တရားဝင် လျှော်လိုက်ကြောင်း ဇန်န၀ါရီ ၁၀ ရက်တွင် ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးက သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံအပြီး ကြေညာသည်။

““မြန်မာပြည်သူတွေကို တိုင်းပြည်ရဲ့ ကောင်းမွန်တဲ့တိုးတက်မှုအတွက် ပံ့ပိုးပေးတဲ့အကြောင်း သတင်းစကားပါးလိုက်ပါတယ်””ဟု ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ဆောင်ချက်များကို ရည်ညွှန်းပြီး ဖွံ့ဖြိုးရေးဝန်ကြီး ရာမတ်ဟဲဗက် ပီတာဆန်က ပြောသည်။
““အကြွေးတွေကို လျှော်ပစ်လိုက်ခြင်းအားဖြင့် ပြည်သူတွေ အသည်းအသန်လိုအပ်နေတဲ့ လူထုကျန်းမာရေး၊ ကျောင်းတွေနဲ့ လမ်းတွေတည်ဆောက်ရာမှာ ပါဝင်ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းတွေ ပွင့်သွားပါတယ်””ဟု ၎င်းက ပြောသည်။
လျှော်ပစ်လိုက်သော နှစ် ၃၀ကြာ အကြွေးအများစုသည် ဒိန်းမတ်နိုင်ငံမှ ၀ယ်ယူသော ငါးဖမ်းလုပ်ငန်းစောင့်ကြည့်ရေးသင်္ဘောအတွက် အသုံးပြုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
““အချိန်ကိုက်ပါပဲ။ မြန်မာက သူ့အကြွေးဟောင်းတွေအတွက် စိတ်ပူစရာမလိုတော့ဘဲ ဆင်းရဲတဲ့ ပြည်သူတွေအတွက် ဖွံ့ဖြိုးရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွေကို ဆက်လက်လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ အကြွေးတွေကို လျှော်ပစ်လိုက်တယ်ဆိုတာနဲ့ ကျွန်တော်တို့က မြန်မာနဲ့ အခြားဆင်းရဲတဲ့ နိုင်ငံတွေကို ကူညီဖို့အတွက် ငွေတွေလျော့နည်းသွားမှာ မဟုတ်ပါဘူး””ဟု ပီတာဆန်က ထပ်မံပြောကြားသည်။
 7Day Daily