Wednesday, January 29, 2014

သစ်ခေါက်ခွာသူတို့၏ မရေရာသောအနာဂတ်

ဧရာဝတီမြစ်ရေက အေးဆေးတည်ငြိမ်စွာ စီးဆင်းနေသည်။ မြစ်ကမ်းစပ်အထက်နားတွင်တော့ ကျိုးတိုးကျဲ တဲ တည်ဆောက်ထားသော တဲအိမ်စုလေးများက ဆိတ်ငြိမ်စွာတည်ရှိနေသည်။ သို့သော် တဲအိမ်လေးတွေ ရဲ့ရှေ့မှာ၊ ဘေးမှာ၊ တဲပေါက်ဝမှာ ရှိနေတဲ့လူများ၏ မျက်လုံးတွေကတော့ ဂနာမငြိမ်ဘဲတစ်စုံတစ်ရာ ကို မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်မျှော်နေကာ ဧရာဝတီမြစ်ပြင်ကျယ်ကြီးကို ငေးမောနေကြသည်။

ထိုအချိန် မြစ်ဆိပ်ကနေ အမျိုးသမီးတစ်ဦး သဲသောင်များကိုဖြတ်ကာ တစ်ခုခုကိုအော်ဟစ်ရင်း အူယား ဖားယားပြေးတက်လာသည်။ “ထင်းတွဲကြီးလာပြီဟေ့”တဲ့။ သူ့အသံကြားတော့ ထိုင်နေကြတဲ့လူတွေ လှုပ်လှုပ်ရွရွဖြစ်သွားသည်။ မြစ်ထဲကိုလှမ်းကြည့်လိုက်တော့ သစ်တွေအပြည့်တင်ဆောင်လာသည့် သင်္ဘောတစ်စီးက တလှုပ်လှုပ်ဖြင့် မျှော်နေသူတို့ဆီ လာနေချေပြီ။

ဟုတ်ပါသည်။ ထင်းတွဲကြီးလာပါပြီ။ သူတို့တွေ ကိုယ်စီကိုယ်စီမျှော်နေကြသည့် ထင်းတွဲကြီးလာချေ ပြီ။ စောစောက ပျင်းရိလေးတွဲဖွယ်ဖြစ်နေသည့် မျက်နှာတွေ ကိုယ်စီကိုယ်စီဝင်းပသွားကာ တဲ အိမ်လေးတွေအတွင်း အမြန်ဝင်လိုက်ကြသည်။ တဲအိမ်အတွင်းမှ ယူလာသည်ကတော့ သံတူးရွင်းတစ်ခုစီ။ သံတူးရွင်းကိုယ်စီဖြင့် မြစ်ဆိပ်ကို အလုအယက်ပြေးဆင်းကြသည်။ သစ်ခေါက်များ သွားခွာရန်ပင်ဖြစ် သည်။ ထို့ကြောင့် သစ်တွေအပြည့်တင်ဆောင်လာသည့် သင်္ဘောကြီးကို ကလေးတွေက အမည်ပေး တတ်ကြသည်။

“ထမင်းအိုးကြီးမျောလာပြီ” တဲ့။ ထမင်းအိုးကြီးလို့အမည်ပေးရလောက်အောင်ပင် သူတို့အတွက် သစ်တင်သင်္ဘောကြီးတွေက တကယ့်ထမင်းအိုးကြီးတွေဖြစ်လာအောင် ဖန်တီးပေးတတ်သည်ဟု သစ်ခေါက်ခွာသူ အသက်(၅၅)နှစ်အရွယ် ဒေါ်ခင်ဝင်းကပြောပြသည်။ ဧရာဝတီမြစ်အထက်ပိုင်းမှ စုန်ဆင်းလာသည့် သစ်တင်သင်္ဘောတွေက ရတနာပုံတံတားအနီးက မြန်မာ့သစ်လုပ်ငန်းတွင် မျှောစာ ယူရန် မြစ်လယ်တွင် ကျောက်ချလေ့ရှိသည်။

ထိုအချိန် သစ်တင်သင်္ဘောပေါ်က ကြီးမားလှသော သစ်တုံးကြီးများ၏ အခေါက်ကလေးများကို အလုအယက်လိုက်ခွာရင်း ထမင်းအိုးဖြစ်အောင် ဖန်တီးကြသူတွေက ဧရာဝတီမြစ်ကူး ရတနာပုံ တံတားအနောက်ဘက်ကမ်း စစ်ကိုင်းသစ်ဆိပ်အနီးမှာဖြင့် တစ်ပုံတစ်ပင်။ ဟိုအရင် ရတနာပုံတံတား မထိုးခင် စစ်ကိုင်းသစ်ဆိပ်နဲ့ ရွှေကြက်ယက်ဆိပ်ကမ်းကို ငှက်လှေတွေနဲ့ကူးကြတော့ လှေ သမားတွေအလုပ်ဖြစ်ခဲ့သည်။

ခုတော့ ရတနာပုံတံတားပေါ်လာတော့ ငှက်လှေနဲ့မကူးကြတော့။ ငှက်လှေအလုပ်မဖြစ်တော့ ရရာသစ်ခေါက်ခွာတဲ့အလုပ် ၀င်လုပ်ခဲ့ရသည်ဟု အသက်(၅၅)နှစ်အရွယ် အမျိုးသားကြီး တစ်ဦးက ပြောပြသည်။ နောက်တော့ တဖြည်းဖြည်း သစ်ခေါက်ခွာသူ များလာလိုက်တာ စစ်ကိုင်းသစ်ဆိပ်အနီးမှာဖြင့် တဲအိမ်လေးတွေကိုပုံလို့။

သစ်တင်သင်္ဘောများ ၀င်လာပြီဆိုရင် မြစ်ဆိပ်မှာရပ်ထားတဲ့ ငှက်လှေတွေပေါ် အပြေးအလွှားတက်ကာ စက်ကိုအသားကုန်မောင်းပြီး သူ့ထက်ငါအပြိုင်အဆိုင် သစ်တင်သင်္ဘောကြီးဆီ ပြေးကြလေပြီ။ တဝေါဝေါစီးဆင်းနေသည့် ဧရာဝတီမြစ်ပြင်ကျယ်ကြား သစ်တင်သင်္ဘောကြီးဆီသို့ ငှက်လှေလေးတွေ အပြိုင်အဆိုင်မောင်းနှင်သွားကြသည်က အစာကိုအပြိုင်သုတ်ကြတော့မည့် သိမ်းငှက်များနှယ်။ ယခင်ကတော့ ငှက်လှေမှာ စက်မတပ်နိုင်ခင်က အပြိုင်အဆိုင်လှော်ခတ်ကာ သင်္ဘောနောက်လိုက်ရသည်။ ခုတော့ စက်တပ်ပြီး နည်းနည်းတော့ အမောသက်သာသည်။ သို့သော် သင်္ဘောနားရောက်တော့မှ သစ်ခေါက်ဈေးကောင်းကောင်းမရသည့် ကျွန်းသစ်မျိုးဖြစ်နေတဲ့အခါကျရင် မောပြီသာမှတ်။

“ကျွန်းသစ်အခေါက်ကျတော့ ဈေးကမရဘူး။ အင်သစ်ခေါက်ကမှဈေးကရတာ။ ကျွန်းသစ်တွေနဲ့တိုးပြီဆိုရင် ဆီဖိုးငါးရာလောက်ရှုံးပြီပဲ”ဟု သစ်ခေါက်ခွာရန်လိုက်လာသူ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။ ထို့အပြင် သင်္ဘောနားရောက်မှ ပြောင်ရှင်းနေသည့် သစ်တုံးကြီးတွေတွေ့ရပြီဆိုရင် သင်္ဘောပေါ်က သူလိုကိုယ်လို ဘ၀တူသင်္ဘောဝန်ထမ်းလေးတွေက သစ်ခေါက်တွေခွာခဲ့ပြီးပြီဖြစ်လို့ သက်ပြင်းချကာ သင်္ဘောပေါ် က ပြန်ဆင်းခဲ့ရသည်မှာလည်း အကြိမ်ကြိမ်။

သစ်တင်သင်္ဘောနားရောက်တော့ ငှက်လှေကိုစက်သတ်ရင်း မောင်းနေဆဲသင်္ဘောနား တဖြည်းဖြည်း ကပ်ရသည်။ ငှက်လှေကို သင်္ဘောနဲ့ကပ်ချည်ပြီးတော့ ပါလာသမျှလူအားလုံး သင်္ဘောပေါ်တက်ကြသည်။ သစ်လုံးတွေဆီက သစ်ခေါက်တွေကို သံတူးရွင်းတွေကိုယ်စီဖြင့် ခွာကြပြီ။ သစ်ခေါက်ခွာတာကို သင်္ဘော ၀န်ထမ်းတွေက ကိုယ်ချင်းစာစိတ်ဖြင့် ဘာမျှမပြော။ ထို့ကြောင့် သူတို့တစ်တွေကလည်း အလိုက်သိစွာဖြင့် သစ်သားကိုယ်ထည်ကိုမထိခိုက်စေရေး အသာအယာသစ်ခေါက်ကိုခွာရသည်ဟု သစ်ခေါက်ခွာ သူတို့ကဆိုသည်။ “၀န်ထမ်းတွေကလည်း ကျွန်တော်တို့ကို သနားကြတယ်နဲ့တူပါတယ်။ တစ်ခါတလေ ထမင်းတောင်ကျွေးသေးတယ်”ဟု သစ်ခေါက်ခွာသူ ကိုသီဟဇော်ကပြောပြသည်။ ဧရာဝတီမြစ် လယ် နေအပူရှိန်ကြောင့် ချွေးများက တစက်စက်ကျနေလည်း သူတို့မမှု။ “ဒီအလုပ်က အူစိုတယ်။ ဒါပေမဲ့ပင်ပန်းတယ်”ဟု သစ်ခေါက်ခွာရင်း ကိုသီဟဇော်ကပြောသည်။ ဒီလောက်ပင်ပန်းနေသည့်အတွက် သစ်ခေါက်တွေ ဈေးကောင်းကောင်းရပုံပဲဟု ထင်နိုင်စရာရှိသည်။ ၀မ်းဗိုက်ကားကား ငှက်လှေတစ်စင်း အပြည့်အမောက်မှ ကျပ်ခြောက်ထောင်ခန့်သာရသည်။

ငှက်လှေတစ်စီးအပြည့်ဖြစ်ဖို့အတွက် လူသုံးယောက်ခန့် အင်တိုက်အားတိုက် သစ်ခေါက်ခွာမှသာရနိုင် သည်ဟု သစ်ခေါက်ခွာသူများကပြောသည်။ ထို့ကြောင့် သစ်ခေါက်ခွာသူများက မိမိတို့ရှာလာ တဲ့သစ်ခေါက်တွေကို မီးမမြှိုက်ရက်။ ရလာတဲ့သစ်ခေါက်တွေ ဟိုဒီရွှေ့ရင်း ပဲ့ကျသွားသည့်သစ်ခေါက် အစနလေးတွေကိုသာ သုံးပါသည်ဟု သစ်ခေါက်ခွာသူအမျိုးသမီးတစ်ဦးကဆိုပါသည်။

သစ်ခေါက်ခွာသူတွေ ပိုမိုအကျပ်အတည်းဖြစ်စေတဲ့ ကာလတွေကလည်း လာတတ်ပါသေး သည်။ နှစ်ကုန်ပြီဆို သစ်တင်သင်္ဘောတွေ အလာကျဲချေပြီ။ သစ်ခေါက်ခွာသူတွေ အသီးသီးတိုင် ပင်ကြပြီ။ ငွေစုထားတာရှိတဲ့သူကထုတ်၊ ပေါင်နှံစရာရှိသူက အပေါင်ဆိုင်ပြေး၊ သစ်ခေါက်ပွဲစား ဆီက ငွေကြိုထုတ်လို့ရသူကထုတ်ကာ ဧရာဝတီမြစ်တစ်လျှောက် ငှက်လှေဖြင့်ဆန်တက်ရင်း သစ်တင်သင်္ဘောရှာပုံတော်ဖွင့်ရန်စီစဉ်ရသည်။ သစ်တင်သင်္ဘောကိုတွေ့ဖို့ ရက်က ဘယ်လောက်ကြာ မည်ဆိုတာ မသေချာတော့ ငှက်လှေပေါ်မှာ ဆန်နဲ့သီးနှံတွေတင်၊ ထမင်းအိုး၊ ဟင်းအိုးတွေပါဆွဲကာ သစ်တင်သင်္ဘောဆီလိုက်ရသည်။ တစ်ခါတလေ ကံကောင်းရင်တော့ ရက်တိုတိုနဲ့ သစ်တင်သင်္ဘောတွေ့ တတ်သည်။ သစ်တင်သင်္ဘောမတွေ့ရင်တော့ ဆန်တက်ပေဦးတော့။ ငှက်လှေတွင် စက်မတပ်နိုင်ခင်က လက်ဖြင့်လှော်ကာ ဆန်တက်ရတာမို့ ခြေကုန်လက်ပန်း ကျလာတတ်ကြသည်။ ထို့ကြောင့် ကမ်းပါးမြင့် သည့်နေရာရောက်လာပါက တစ်ယောက်က ကမ်းပါးပေါ်တက်ကာ ငှက်လှေကိုကြိုးဖြင့်ဆွဲရင်း ခရီးဆက်ရ သည်။ ညမှောင်လာပြီဆို တွေ့သည့်သောင်ပြင်မှာ မိုးကာတဲထိုးကာ တစ်ထောက်နားရသည်။ သစ်တင် သင်္ဘောတွေ့ပြီဆိုရင် အရမ်းပျော်မိသည်ဟု မိသားစုလိုက် ငှက်လှေဖြင့် သစ်တင်သင်္ဘောရှာခဲ့ သူ ဒေါ်ခင်ဝင်းကဆိုပါသည်။ မြစ်ကြောင်းတစ်လျှောက် သစ်ခေါက်တွေကို ခွာလာလိုက်တာ စစ်ကိုင်းသစ် ဆိပ်ကျတော့ ချကာရောင်းချလိုက်မှ အမောပြေတော့သည်ဟု သစ်ခေါက်ခွာသူများကဆိုပါသည်။

သစ်တင်သင်္ဘောပေါ်တင်မကဘဲ လှေတွေဖြင့်ကပ်ချည်ကာ သယ်ဆောင်လာသည့် သစ်တွဲများတွင်လည်း သစ်ခေါက်ခွာကြပါသေးသည်။ လူကရေထဲကိုဆင်းပြီး ခွာရသည့်အတွက် အောက်ကအေးအေး အပေါ် ကနေပူပူဖြင့် ညဆို ခါးတွေကနာတာလွန်ပါရောဟု ကိုသီဟဇော်ကပြောပြသည်။ သစ်ခေါက်တွေ အပြေးအလွှားခွာကြဖို့အရေး ပြေးရင်းလွှားရင်း သင်္ဘောပေါ်ကရေညှိများကြောင့် ချော်လဲကာ ခိုက်မိ တာတွေ၊ သစ်လုံးတစ်လုံးကနေတစ်လုံးကူးရင်း ခြေချော်ကျကာ ဒဏ်ရာရတာတွေက သူတို့အတွက် မဆန်းတော့။ သစ်ခေါက်ခွာရင်း ကံဆိုးခဲ့သူတချို့လည်း ရှိခဲ့ဖူးသည်။ အပြေးအလွှားသစ်ခေါက်တက်ခွာရင်း တုံးညပ်သေခဲ့တာတွေ၊ သင်္ဘောတစ်စီးနဲ့တစ်စီး သစ်လွှဲတင်နေတဲ့ကရိန်းနဲ့ ခိုက်မိခဲ့တာတွေ လည်း ဖြစ်ခဲ့ဖူးသည်ဟု သစ်ခေါက်ခွာသူတို့ကဆိုပါသည်။

ဧရာဝတီမြစ်ထဲ လှိုင်းအရမ်းကြီးနေသည့်အခါ၊ လေကြီးမိုးကြီးကျနေသည့်အခါမျိုးတော့ တော်တော် များများက မသွားဝံ့ကြတော့။ စွန့်စွန့်စားစားသွားသူတွေလည်းရှိပါ၏။ သစ်ခေါက်ခွာပြီး ကမ်း စပ်ပြန်ရောက်မှ ဟင်းချနိုင်သည်ဟု ကိုသီဟဇော်ကပြောပြသည်။

သစ်ခေါက်ခွာသူတို့ကတော့ သူတို့မျက်စိအောက်ကနေ နေ့စဉ်ဖြတ်သန်းနေသည့် သစ်လုံးကြီးတွေ ဘယ်ဆီရောက်သွားသည်ကို သူတို့မသိ။ သိရန်လည်းမလို။ သူတို့က သစ်ခေါက်ကလေးတွေခွာ ခွင့်ရတာကိုပင် ဆုလာဘ်တစ်ခုလို့ ယူဆနေကြသည်။ ခုရက်ပိုင်း သစ်တင်သင်္ဘောတွေ အ၀င်နည်းလာသည်ဟု သစ်ခေါက်ခွာသူတို့ကဆိုပါသည်။ “သင်္ဘောပေါ်က၀န်ထမ်းတွေ ကတော့ ပြောတယ်။ နောက်သုံးလလောက်ဆိုရင် သစ်ခေါက်တွေ ခွာလို့ရမှာမဟုတ်တော့ဘူးတဲ့။ သစ်တွေကို လေးထောင့်လှီးပြီးမှ တင်လာတော့မယ်ပြောတာပဲ”ဟု ဒေါ်ခင်ဝင်းက သူတစ်ဆင့်ကြား သည်ကို ပြန်ပြောပြသည်။ သို့သော် နောင်ခါလာနောင်ခါဈေး ဒေါ်ခင်ဝင်းတို့လို သစ်ခေါက်ခွာပြီး ထမင်းအိုးတည်မည့်သူတွေအတွက်ကတော့ ဧရာဝတီမြစ်ထဲက သစ်တင်သင်္ဘောတွေကို မကြာခဏ လှမ်းမျှော်နေကြဦးမှာကတော့မလွဲ။
ဓာတ်ပုံ- ညီညီဇော်
7Day News Journal