Monday, January 6, 2014

ခြောက်ပုလင်း ပြဿနာ

လပွတ္တာမြို့အပြင်တွင် ဖြစ်သည်။ ရွှံ့တွေပေနေသော လူနှစ်ယောက်ကို တခြားလူများက ဝိုင်းပြီးဆွဲနေ ကြသည်။ ထိုလူနှစ်ယောက်က ဆဲနည်းပေါင်းမျိုးစုံကို ဆဲပြီး သတ်မယ် ဖြတ်မယ် တကဲကဲ လုပ်နေကြသည်။

ဘေးလူတွေက ဆွဲထားသည့်ကြားမှပင် ထိုလူနှစ်ယောက်သည် ရုန်းထွက်သွားပြီ ရွှံ့ချောင်းထဲသို့ ခုန်ဆင်းသွားကြသည်။ ထိုအခါ ကျန်လူများ အားလုံးလည်း ထိုလူနှစ်ယောက်နည်းတူ ရွှံ့တောထဲ သို့ဆင်းပြီး ဝိုင်းပြီး ဆွဲကြရတော့သည်။ ထိုလူနှစ်ယောက်ကို ဆွဲပြီး တက်လာသောအခါ လူတွေ အားလုံးမှာ ရွှံ့တွေအလိမ်းလိမ်းနှင့် ဖြစ်ကုန်ကြသည်။ လူအားနှင့် ဝိုင်းဆွဲ သွားသောအခါ ထိုလူနှစ်ယောက်သည် ရုန်းရင်းကန်ရင်းနှင့်ပင် ပါသွားတော့သည်။ နောက်တော့ ထိုလူနှစ်ယောက်ကို တဲအိမ်လေး တစ်ခုပေါ်သို့ ဝိုင်းပြီး ခေါ်တင်သွားကြသည်။ ထိုလူနှစ်ယောက်မှာ လူတွေအားလုံးက ဆွဲထားသဖြင့် မလှုပ်သာသော် လည်း ပါးစပ်ကမှု ဆဲရေး တိုင်းထွာမှုမှာ ရပ်တန့်သွားခြင်း မရှိပေ။

ဘာဖြစ်တာလဲဟု ကျွန်တော်က မေးကြည့်သောအခါ “ချောင်း ဟိုဘက်ကမ်းက ဘုန်းကြီးနဲ့ ရန်ဖြစ် တာလေ...။ အဲဒီဘုန်းကြီးက လေဘေးရတဲ့ ပစ္စည်းတွေကို သူ့အမျိုးတွေကိုချည်းပဲ ဦးစားပေး ပေးလို့ မကျေနပ်လို့ ပြောတော့ ဘုန်းကြီးက ခြေထောက်နဲ့ မျက်နှာကို ထကန်လိုက်တာ၊ သူ့ကို ကန်လို့ဆိုပြီး ဘုန်းကြီးကို သတ်ပါမယ် တကဲကဲ လုပ်နေကြတာ” ဟု ဆွဲခေါ် သူများထဲတွင်ပါသော အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုအမျိုးသမီးက ကျွန်တော့်ကို ပြောပြနေစဉ် ကျွန်တော်နှင့် ဘေးတွင် လူတစ်ယောက်လည်း နားထောင်နေ သည်။ ထိုအမျိုးသမီး ထွက်သွားသော အခါတွင် ကျွန်တော့်ဘေး၌ နားထောင်နေသော လူက “အလကားပါဗျာ၊ ဘုန်းကြီးက ကောင်းပါတယ်။ လေမုန်တိုင်း စတိုက်ပြီး ကယ်ဆယ်ရေးတွေ မရောက်ခင်က ဒီရပ်ကွက်က လူတွေကို သူ့ကျောင်းမှာ ရှိတာလေးနဲ့ ကျွေးထားတာ။ ဒီကောင်တွေက အရက်မူးပြီး ကျောင်းဝမှာ ထိုင်ဆဲနေလို့ ဘုန်းကြီးက အမြင်ကတ်ပြီး မျက်နှာကို ခြေထောက်နဲ့ ကန်လိုက်တာ” ဟု ထိုလူက ပြောသည်။

ယခု ပြဿနာတွင် ဟိုလူတွေဘက်က ပြောတော့လည်း ဟိုလူတွေ ဘက်ကအမှန်၊ ဘုန်းကြီးဘက် က ပြောတော့လည်း ဘုန်းကြီးက အမှန်ဖြစ်သည်။ မည်သူကမှားမှား မည်သူက မှန်မှန် ပြဿနာ ကတော့ ဖြစ်ခဲ့ပြီ။
“ကျွန်တော့် အိမ်ဆောက်ရင် ရာအိမ်မှူးကို ပြောမယ်။ ဝါးဘယ်လောက်ပေး၊ သွပ်ဘယ်လောက်ပေး၊ ပျဉ်ဘယ်လောက်ပေးဆိုပြီး တောင်းရမယ်” ဟု စက်လှေ မောင်းသမားက ပြောသည်။ ထိုအခါ ကျွန်တော်က ဘာကြောင့် အဲလိုတောင်းရတာလဲလို့ မေးလိုက်တော့ ....
“ဒီကောင်တွေ လုပ်ထားတာ ကျွန်တော်သိတာပေါ့ဗျ၊ ကျုပ်တောင်းတာ ပေးရင်ပေး မပေးရင် ဒီကောင်တွေ လုပ်ထားတာကို ဖော်လိုက်မှာပေါ့” ဟု ပြန်ပြောသည်။

လှေသမားပြောသည့် ဒီကောင်တွေ လုပ်ထားတာကို ဖော်လိုက်မှာပေါ့ ဟုပြောသည့် စကားကို ကျွန်တော် စိတ်ဝင်စားသွားသည်။ ဘာကြောင့်လဲဆိုတော့ အချို့သော ကျေးရွာခေါင်းဆောင်များသည် ထိုကဲ့သို့ မဟုတ်တာ လုပ်သည်ဆိုသည့် သတင်းများ ကြားရသော်လည်း လက်ဆုပ် လက်ကိုင် မေးကြည့်လိုက်လျှင် မည်သည့်ရွာက မည်သူ မည်ကဲ့သို့ အလွဲသုံးစား လုပ်သည် ဆိုသည်ကိုတော့ တွေ့ရခြင်း မရှိသေးပေ။ ယခုတော့ လှေသမားပြောသည့် ပုံအရဆိုလျှင်တော့ သေချာသည်။ အလွဲသုံးစား လုပ်သည်ကို သေချာပြောပြနိုင်ပုံ ပေါက်သည်။

ကျွန်တော် ဆက်မေးကြည့်တော့ ထိုလှေသမားနေသည့် ရွာသည် ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ပစ္စည်းဖြောင်သည့် နေရာတွင် နာမည်ကြီးသော ရွာဖြစ်သည်။ ထိုရွာတွင် ဘုန်းကြီးနှင့် ရာအိမ်မှူးက လုပ်စားသည်ဟူ၍ လည်းကောင်း၊ ရွာဥက္ကဋ္ဌကလည်း ဘုန်းကြီးနှင့် မတည့်ဘဲ သူ့ဘာသာသူ လုပ်တတ်သလို လုပ်စားသည်ဟူ၍ လည်းကောင်း သတင်းများ ထွက်နေသည်။ မြို့ပေါ်ရှိ ကယ်ဆယ်ရေးဗဟိုတွင် ဥက္ကဋ္ဌက ဘုန်းကြီးနဲ့ အတွင်းရေးမှူး မကောင်းကြောင်း လာတိုင်ပြီး ဘုန်းကြီးကလည်း ဥက္ကဋ္ဌ မကောင်းကြောင်းလာတိုင် ထိုကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် ပတ်တိုင်နေကြသော ရွာတစ်ရွာ ဖြစ်သည်။

ပြီးခဲ့သည့် သုံးရက်က ရွာအတွက်သုံးရန် အစိုးရပေးသည့် ဝါးများထဲမှာ အလုံးနှစ်ထောင်ကို ရာအိမ်မှူးက ထုတ်ရောင်းသည်ဟု ဆိုသည်။ ထိုသို့ ထုတ်ရောင်းရာတွင် မြို့ပေါ်သို့ သယ်ရန်အတွက် ယခုလှေသမား၏ လှေကိုငှားခဲ့ခြင်း ဖြစ်ဟုဆိုသည်။ ထို့ကြောင့် လှေသမားက ဝါးခိုးရောင်းသည်ကို အကျပ်ကိုင်၍ သူ့အိမ်အတွက် လိုသည့် ပစ္စည်းများကို တောင်းမည်ဟု ဆိုသည်။

ရွာတွေမှာ အိမ်ဆောက်ဖို့အတွက် ဆုံးဖြတ်ပြီ ဆိုကတည်းက ကျွန်တော်တို့ ပေးထားသည့် ပုံစံအတိုင်း စနစ်တကျလေး ဆောက်ပေးဖို့ ရွာသားများကို မှာရသည်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးစလွယ် ဆောက်လိုက်ပါက အိမ်လေးက ခိုင်သင့်သလောက် မခိုင်သည့်အပြင် မြေကြီးပေါ်မှာ နေရသည်နှင့် မကွာလောက်အောင် တော်ရိလျော်ရိ ဆောက်ထားပါက ငွေကြေးများစွာ ကုန်ကျပြီးမှ ရွာအတွက်လည်း အကျိုးမရှိ လှူဒါန်းရသူများအတွက် လှူရကျိုးမနပ် ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် အိမ်လေးများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ဆောက်ဖို့ မှာရသည်။

ထိုသို့ မှာထားသည့်ကြားမှပင် အချို့သောရွာများက ဖြစ်သလို ဆောက်ထားကြသည်ကလည်း ရှိသေးသည်။ ထို့ကြောင့် ကျွန်တော်တို့ နေ့စဉ်လိုလိုပင် အိမ်ဆောက်ပေးနေသော ရွာများသို့ လှည့်ပတ် ဆင်းကြည့်ရသည်။ ထိုသို့ဆင်းကြည့်ရင် ကမ္ဗလာတစ်ပင်ချောင်း ဆိုသည့် ရွာလေးကို ရောက်သွားသည်။

ယင်းရွာတွင် အိမ်ငါးလုံး ဆောက်ရမည် ဖြစ်ပြီး လိုအပ်သော သစ်နှင့် တာပေါ်လင် များကိုလည်း ပေးထားခဲ့ပြီး ဖြစ်သည်။ ပေးထားတာလည်း ကြာပြီဖြစ်သောကြောင့် ထိုအိမ်လေးတွေပြီးနေပြီဟု ကျွန်တော်ထင်ထားသည်။

ရွာကိုချောင်းထဲက လှမ်းကြည့်လိုက်တော့ တာပေါ်လင်အိမ်လေးတွေ တန်းစီ ဆောက်ထားသည်ကို တွေ့ရသည်။ ဆောက်ထားသော အိမ်လေးတွေက သပ်ရပ်ပြီး ကြည့်ရတာ မျက်စိထဲမှာ ညီညီညာညာ ရှိသည်။ ထို့ကြောင့် ကျွန်တော်တို့ ဆောက်ပေးရတဲ့ အဖွဲ့လည်း စိတ်ချမ်းသာသည်။

ကုန်းပေါ် တက်ကြည့်လိုက်တော့ အိမ်ငါးလုံးအနက် တစ်လုံးက တာပေါ်လင် မကာရသေးသည့်အပြင် ကြမ်းများလည်း ခင်းရသေးခြင်း မရှိပေ။ ထို့ကြောင့် ဘာဖြစ်လို့ ဒီအိမ်က အခင်းတွေအကာတွေ မတပ်သေးတာလဲဟု မေးတော့ ပျဉ်နှင့် မိုးကာစမလောက်လို့ဟု ရွာသားများက ပြောကြသည်။

ကျွန်တော်တို့က အိမ်ကိုအတိုင်းအတာ သတ်မှတ်ပေးပြီး အိမ်တစ်လုံးအတွက် လိုအပ်သော တာပေါ်လင်နှင့် ပျဉ်များကို တွက်ချက်ကာ လုံလောက်အောင် ပေးထားပြီး ဖြစ်သောကြောင့် မလောက်ရန် အကြောင်းမရှိပေ။ သေချာအောင် ထပ်မေးကြည့်တော့ ကျွန်တော်တို့ ရုံးနှင့် ရွာကြားမှာ သစ်နှင့် တာပေါ်လင်အချို့ ပျောက်နေပြီ။ ထုတ်သွားတဲ့ တာဝန်ခံကို ခေါ်ခိုင်းတော့ ထိုတာဝန်ခံက ကဏန်းထောင်သွားသည်၊ ရွာထဲတွင် မရှိဟု ဆိုသည်။ ကျွန်တော်တို့လည်း ရွာထဲတွင် လှည့်ပတ် ဓာတ်ပုံရိုက်ပြီး တာဝန်ခံလာလျှင် ကျွန်တော်တို့ရုံးကို လွှတ်လိုက်ပါဟု မှာထားပြီး တခြားရွာသို့ ခရီးဆက်ခဲ့ရသည်။

လှေစက်ပျက်ပြီး ကျွန်တော်လှေပေါ်မှာ အိပ်ပျော်နေတုန်း ယောသားက လာနိုးသည်။ စောစောက ကမ္ဗလာ တစ်ပင်ချောင်းရွာက တာဝန်ခံ လိုက်လာသည်ဟု ဆိုသည်။ လှေဦးရောက်တော့ ကမ္ဗလာ တစ်ပင်ချောင်းရွာက တာဝန်ခံကို တွေ့ရသည်။ ပစ္စည်းတွေ ဘယ်ရောက်ကုန်တာလဲဟု မေးတော့ လှေမနိုင်လို့ မြို့ပေါ်မှာ ထားခဲ့တာပါတဲ့။

တကယ်တော့ တခြားပစ္စည်းတွေ သယ်ထားပြီး မိုးကာလိပ်လေး တစ်လိပ်တည်းနှင့် လှေမနိုင်စရာ အကြောင်းမရှိပါ။ တကယ်လို့ လှေမနိုင်လို့ ထားခဲ့သည် ဆိုလျှင်လည်း သူတို့နောက်ထပ် မြို့ပေါ်သို့ အခေါက်ခေါက်အခါခါ လာရောက်ပြီး ပစ္စည်းတွေ ထုတ်ယူနေသည့်အတွက် တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ထည့်သယ်သွားလို့ ရသည်။ ဒါကြောင့် တာပေါ်လင်တစ်လိပ်နှင့် အိမ်တစ်လုံး စာပျဉ်များကို ဖြောင်ထားသည် ဆိုသည်မှာ သေချာသည်။

အလွဲသုံးစား လုပ်သည်ဟုဆိုပြီး ရဲကိုတိုင်ရင် ထိုလူတော့ အချုပ်ထဲ ရောက်တော့မည်။ တာပေါ်လင်လေး တစ်လိပ်နှင့် လူကို အချုပ်ထဲထည့် ရမည်ဆိုတော့လည်း မဟုတ်တတ်။ ဒါကြောင့် သူခိုးထားတာကို မသိယောင်ဆောင်ပြီး တာပေါ်လင်လိပ်နဲ့ သစ်တွေ မြို့ပေါ်မှာ ထားခဲ့တာဆိုရင် အမြန်ဆုံး သွားယူပါ။ ပြီးလျှင် အမြန်ဆုံး ဆောက်ထားပါ နောက်တစ်ပတ် လာကြည့်မည်ဟု မှာထားခဲ့လိုက်သည်။

ယခင်က တောသူတောင်သားများသည် ရိုးသားကြသည်။ ထို့ကြောင့် တောသူတောင်သားများ ရိုးသားကြ သည့် အကြောင်းကို ကဗျာတွေလည်း ဖွဲ့ကြသည်။ သီချင်းတွေလည်း စပ်ကြသည်။ နေရာတိုင်းတွင် လည်း တောသူ တောင်သားများကို ရိုးသားသည်ဟု ဆိုကြသည်။ ယခုတော့ တောသူ တောင်သားများသည် စာထဲပေထဲက ရွာသူရွာသားများနှင့် ဆန့်ကျင်သော မရိုးသားသူ များလာသည်။ ထိုသို့ ဖြတ်စားလှီးစား မရိုးမသား လုပ်ရပ်များသည် ခေတ်ရေစီးကြောင်းလော၊ ဂလိုဘယ် လိုက်ဇေးရှင်း သဘောအရ ကူးစက်လာသည်လော။ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ကူးစက်လာသည် ဆိုလျှင်လည်း တခြားနည်းပညာ တိုးတက်မှုတွေ၊ စီးပွားရေး၊ ပညာရေး လူနေမှု အဆင့်အတန်း တိုးတက် ပြောင်းလဲမှုတွေ မကူးစက်ဘဲ ဖြတ်စားလှီးစား တစ်ခုပဲ ဘာကြောင့် ကူးစက်လာရသလဲ။ အဲလိုမှ မဟုတ်ရင် နဂိုကတည်းကပဲ အဲဒီလူတွေ မရိုးသားကြတာလား ......။ အစရှိသဖြင့် တောင်စဉ်ရေမရ စဉ်းစားနေမိသည်။

ကျွန်တော် ရန်ကုန်ပြန်ရောက်တော့ သူငယ်ချင်း တစ်ယောက်နှင့် တွေ့ဖြစ်သည်။ သူနှင့် ကျွန်တော်လည်း မတွေ့တာ တော်တော်လေး ကြာနေပြီ ဖြစ်သောကြောင့် ဆိုင်တစ်ဆိုင်တွင် ထိုင်ကာ စကားလက်ဆုံ ကျကြသည်။ သူက ကျွန်တော့်ကို ဘာတွေလုပ်နေတာလဲဟု မေးသည်။ ကျွန်တော်က လပွတ္တာ တွင် ဗော်လံတီယာ လုပ်ပေးနေသည့် အကြောင်းပြောပြရင်း၊ ကျွန်တော်တို့ တွေ့ကြုံနေရသည့် ရပ်ရွာလူကြီးဆိုးများ ဘုန်းကြီးဆိုးများ (အနည်းစုသာ ဖြစ်ပါသည်) အကြောင်းကို ပြောဖြစ်သည်။ ထိုအခါ သူငယ်ချင်းက သူလည်း ကွမ်းခြံကုန်း မြို့နယ်အတွင်းရှိ ရွာတစ်ရွာသို လိုက်သွားခဲ့ဖူးသည်ဟု ဆိုသည်။
“မင်းတို့လို အကြာကြီးနေတာ မပြောနဲ့ကွာ ငါတစ်ရက်တည်း လိုက်သွားတာတောင် ခြောက်ပုလင်း ကိုယ်တော်နဲ့ တွေ့ခဲ့သေးတယ်” ဟု ဆိုကာ ခြောက်ပုလင်း ကိုယ်တော်အကြောင်း ပြောပြပါတော့သည်။ သူပြောပြသော ခြောက်ပုလင်း ကိုယ်တော်သည် ရသမျှ ကယ်ဆယ်ရေး ပစ္စည်းများကို သူ့အမျိုးများ ကိုသာ ပေးသည်ဟု ဆိုသည်။

တကယ်တော့ ခြောက်ပုလင်း ဆိုသည်မှာ တစ်ဂါလန် ဖြစ်သည်။ အလှူရှင်များကို ဒကာဟု ခေါ်ကြသည်။ လှူသည့် အလှူရှင် စိတ်ပျက်အောင် လုပ်သည့် ဘုန်းကြီးကို ဒကာလန်ဟု ခေါ်သည်။ ကျွန်တော့်သူ ငယ်ချင်း ရောက်ခဲ့သည့်ရွာက ကိုယ်တော်ကတော့ ဒကာတွေ လန်အောင်လုပ်ပေါင်း များသောကြောင့် တင်စားသည့် အနေဖြင့် ရွာသားများက ထိုကိုယ်တော်ကို ခြောက်ပုလင်းဟု နာမည် ပေးထားကြလေသည်။
စိုးဇေယျထွန်း
The Voice Weekly