Thursday, January 30, 2014

လွှတ်တော် ကိုယ်စားလှယ်များ နောက်ကျသဖြင့် အစည်းအဝေးသို့ ၁၅ မိနစ်စောလာရန်

နေပြည်တော်၊ ဇန်နဝါရီ ၂၉
နေပြည်တော်တွင် ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးများတွင် ကိုယ်စားလှယ်များ နောက်ကျ သဖြင့် သတ်မှတ်ချိန်အတွင်း အစည်းအဝေး စတင်နိုင်ခြင်း မရှိသောကြောင့် အစည်းအဝေး မစတင်မီ ၁၅ မိနစ် စောလာကြရန် ဇန်နဝါရီလ ၂၉ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး အပြီးတွင် လွှတ်တော်ရုံးက ပန်ကြားလွှာ ထုတ်ပြန်လိုက်သည်။

လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့်အစည်းအဝေး ကျင်းပချိန် နီးကပ်သည့် အချိန်မှသာ တက်ရောက်ကြောင်း လက်မှတ် ရေးထိုးခြင်း၊ ခွင့်ပန်ကြားခြင်းတို့ကို ပြုလုပ်နေကြသဖြင့် လွှတ်တော် အစည်းအဝေး ကျင်းပသည့်အချိန် နောက်ကျနေရကြောင်း ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့ကြောင့် အစည်းအဝေး စတင်မည့် နံနက် ၁၀ နာရီ မတိုင်မီ ၁၅ မိနစ်အလိုတွင် ခွင့်ပန်ကြားသူ စာရင်းများကို ပိတ်သိမ်းမည် ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လွှတ်တော် အစည်းအဝေး ကျင်းပမှုမှာ သတ်မှတ်ချိန်ထက် ၁၀ မိနစ်ခန့်ပုံမှန် နောက်ကျလျက် ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ထောက်ခံပြောဆိုသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေပုဒ်မ ၁၉ နှင့် ၂၀ နည်းဥပဒေ ၂၁ နှင့် ၂၂ တို့နှင့်အရ ကိုယ်စားလှယ် စိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အချိန်အနည်းဆုံး ၁၀ မိနစ်ခန့် ကြာမြင့်မည် ဖြစ်သဖြင့် အစည်းအဝေး မကျင်းပမီ ၁၅ မိနစ်အလိုတွင် တက်ရောက်ရန် ထပ်မံအသိပေး ပန်ကြားလွှာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
The Voice Weekly