Friday, January 31, 2014

ဦးလေးဖြစ်သူအား ကင်မ်ဂျုံအန်း ခွေးစာကျွေးခဲ့သည်ဆိုခြင်းကို သံအမတ်ငြင်းဆို

 31 Jan 2014
မြောက်ကိုရီးယား အာဏာရှင် ကင်မ်ဂျုံအန်းက သစ္စာဖောက်မှု စွဲချက်ဖြင့် ကွပ်မျက်ခဲ့သည့် ဦးလေးဖြစ်သူ အား ခွေးစာကျွေးခဲ့သည်ဆိုခြင်းကို မြောက်ကိုရီးယား သံတမန် တစ်ဦးက ငြင်းဆိုသွားသည်။ စစ်ဘက်ခေါင်းဆောင် တစ်ဦးဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံရေးတွင် ဩဇာကြီးမားသည့် ဂျန်ဆွန်သိုက်ခ် သည် ဒီဇင်ဘာလ (၁၂)ရက်နေ့က ခြစားမှု၊ သစ္စာဖောက်မှု စွဲချက်များဖြင့် သေဒဏ်ပေးခြင်း ခံခဲ့ရ သည်။ သေဒဏ်အရ ကင်မ်သည် ဂျန်ကို အစာရေစာ ငတ်မွတ်နေသော ခွေးရိုင်းတစ်အုပ် ရှိနေသည့် သားရဲတွင်းထဲ ပစ်ချကာ အရှင်လတ်လတ် ခွေးစာကျွေးခဲ့ကြောင်း ကောလာဟလ သတင်းများ ထွက်ပေါ်လာသည်။ သို့သော်လည်း ဗြိတိန်နိုင်ငံရောက် မြောက်ကိုရီးယား သံအမတ် ဟွမ်ဟက်ခ်ဘွန်းက ယင်းကို ငြင်းဆန်ခဲ့သည်။

(ဂျန်ဆွန်သိုက်ခ်အား စစ်ဆေးသည့် တရားခွင်)
Skyသတင်းဌာနက ဂျန်အနေဖြင့် တစ်ကိုယ်လုံး အဝတ်အစားချွတ်ကာ သိက္ခာချခံရပြီး ခွေးစာကျွေးခံရခြင်း ဟုတ်မဟုတ် မေးမြန်းရာ ဟွမ်က "မဟုတ်ပါဘူး။ သေဒဏ်ကို သေနတ်နဲ့ ပစ်သတ်ပြီး စီရင်ခဲ့တာပါ"ဟု ဖြေ ကြားခဲ့သည်။ ဂျန်သည် မြောက်ကိုရီးယား အစိုးရတွင် တရားဝင် သတ်မှတ်မထားသည့်တိုင် ဒုတိယမြောက် ဩဇာအာဏာ အရှိဆုံး ပုဂ္ဂိုလ်အဖြစ် လူသိများသည်။

ဂျန်ကို ခေါင်းဆောင်ကြီးကင်မ်က ခွေးစာကျွေးခဲ့သည်ဆိုသော သတင်းကို တရုတ်ဝက်ဘ်ဆိုက် တစ်ခုက စတင်ဖော်ပြခဲ့ပြီး ထိုမှတစ်ဆင့် တစ်ကမ္ဘာလုံးထိ သတင်းဌာနများသို့ ကျယ်ပြန့်လာခြင်း ဖြစ်သည်။
Planet Myanmar Network