Monday, January 20, 2014

စမတ်ရိုင်ဖယ်သေနတ်တစ်မျိုးကို အမေရိကန်စစ်တပ် စမ်းသပ်နေ

20 Jan 2014   
အမေရိကန် စစ်တပ်ကမူ လူတိုင်းလူတိုင်း ထူးချွန်သည့် စနိုက်ပါတစ်ဦး ဖြစ်လာနိုင်သည့် တာဝေးပစ် ရိုင်ဖယ်တစ်မျိုးကို စမ်းသပ်နေပြီဟု သိရသည်။

ကျွမ်းကျင်သည့် စနိုက်ပါ လက်ဖြောင့်တပ်သားတစ်ဦး ဖြစ်လာရန်မှာ အထူးတလည် လေ့ကျင့်မှုများအပြင် ပင်ကိုပါရမီကောင်းပါ ပြည့်ဝရန် လိုအပ်မည် ဖြစ်သည်။ သို့သော်လည်း အမေရိကန် စစ်တပ်ကမူ လူတိုင်းလူတိုင်း ထူးချွန်သည့် စနိုက်ပါတစ်ဦး ဖြစ်လာနိုင်သည့် တာဝေးပစ် ရိုင်ဖယ်တစ်မျိုးကို စမ်းသပ်နေပြီဟု သိရသည်။ ယင်းစနိုက်ပါကို အသုံးပြုသူသည် သေနတ်ကို ခလုတ်မဆွဲမီ အနီးရှိ ခလုတ်ငယ်လေး တစ်ခုကို အသုံးပြုပြီး မိမိချိန်ရွယ်လိုသည့် ပစ်မှတ်ကို ရွေးချယ်ကာ Tagနိုင်မည် ဖြစ် သည်။ အဆိုပါ စမတ်ရိုင်ဖယ်သည် ယင်းကဲ့သို့ ပစ်မှတ်ရွေးချယ်ပြီးချိန်တွင် ပစ်မှတ်နှင့် ရိုင်ဖယ်ကြား အကွာအဝေး၊ ရာသီဥတု သက်ရောက်မှု အခြေအနေများကို တွက်ချက်မည်ဟု ဆိုသည်။


ထို့အပြင် အဆိုပါ အချက်အလာများကိုလည်း အခြားသော စမတ်ရိုင်ဖယ် ကိုင်ဆောင်သူ တစ်ဦးထံသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။ ပိုမို၍ စိတ်ဝင်စားစရာကောင်းသည်မှာ သေနတ်ကို iPadကဲ့သို့ Tabletများဖြင့်ပင် ထိန်းချုပ်ခိုင်းစေနိုင်မည် ဆိုခြင်းပင်ဖြစ်သည်။ iPadတွင် ထည့်သွင်းထားသည့် Appဖြင့် ယင်းစမတ် ရိုင်ဖယ်ကို ထိန်းချုပ်နိုင်ပြီး အဆိုပါ လုပ်ဆောင်ချက်များကို အမေရိကန် စစ်တပ်က အမှန်တကယ် လက်တွေ့ စမ်းသပ်ပြီးဖြစ်ကြောင်း ယူဆရသည်။ ဒေါ်လာ (၂၇၀၀၀)မျှ တန်ဖိုးကျသင့်နိုင်သည့် အဆိုပါ စမတ်ရိုင်ဖယ်မျိုး (၆)လက်ခန့်သည် အမေရိကန် စစ်တပ်၏ လက်ထဲတွင် ရှိနေပြီဟုလည်း ယူဆရကြောင်း သိရှိရသည်။ တက္ကဆက်စ် အခြေစိုက် အရောင်းမြှင့်တင်ရေး ကုမ္ပဏီ တစ်ခုက ယင်းကဲ့သို့ လက်နက်များကို စစ်တပ်က ဝယ်ယူနိုင်အောင် မိမိတို့ စီစဉ်ပေးခဲ့ကြောင်း အတည်ပြုခဲ့သည်။
"စစ်တပ်က ဒီလက်နက်တွေရဲ့ အကျိုးသက်ရောက်မှုကို လေ့လာဖို့အတွက် ခုလိုမျိုး ဝယ်ယူနေတာပါ"ဟု ယင်းကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ စမတ်ရိုင်ဖယ်ထဲတွင် Linux အခြေပြု ကွန်ပျူတာတစ်ခုကို မှန်ပြောင်းနှင့် တွဲဖက် တပ်ဆင်ထားပြီး အာရုံခံစနစ်များက ပစ်ခတ်မှုနှင့်ဆိုင်သော အချက်အလက်များကို တွက်ချက်ပေးမည် ဖြစ်သည်။ ပစ်ခတ်သူက လေဆာရောင်ခြည် ပစ်မှတ်ရှာ ကိရိယာဖြင့် မိမိပစ်ခတ် လိုသူကို ရွေးချယ်အတည်ပြုပေးရန်သာ လိုအပ်သည်။
ပစ်မှတ်ကို ရွေးချယ်ပြီးပါက အကွာအဝေးနှင့် လေတိုက်နှုန်းတို့ကို ကွန်ပျူတာက တွက်ချက်နေပြီး ထိုအချိန်တွင် စနိုက်ပါသမားက သေနတ်မောင်းကို ဆွဲ၍မရချေ။ ထို့နောက် တိတိကျကျ တွက်ချက် ချိန်ကိုက်ပြီးမှသာ ပစ်ခတ်နိုင်မည် ဖြစ်သည်။ Tracking Point ကုမ္ပဏီက မိမိတို့သည် PGFခေါ် လမ်းကြောင်းရှာ ပစ်ခတ်နိုင်သည့် စစ်လက်နက်ကို တီထွင်ထားကြောင်း ဖော်ပြထားသည်။ အဆိုပါ စနိုက်ပါ ရိုင်ဖယ်သည် ပစ်ခတ်သော ခလုတ်ဘေးမှ သီးခြားခလုတ်ငယ်လေးကို ချိန်တွယ်အသုံးပြုရုံဖြင့် အလုပ်ဖြစ်နိုင်သည့် လုပ်ကြံရေး ကိရိယာဖြစ်ကြောင်းလည်း ၎င်းတို့က ညွှန်းဆိုထားခဲ့သည်။
Planet Myanmar Network