Wednesday, January 15, 2014

တစ်ရက်တာအတွင်း မီးလောင်မှုငါးမှု ရန်ကုန်တွင် ဖြစ်ပွား

ရန်ကုန် ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်နဝါရီ ၁၂ ရက်က တစ်ရက်တာ အတွင်း မီးလောင်မှုငါးခု ဖြစ်ပွား ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုတွင် အိပ်ရာ အနီး ခြင်ဆေးခွေထွန်းရာမှ ကူးစက် လောင်ကျွမ်းခြင်း၊ လူမရှိဘဲ လျှပ်စစ်မီး ဖွင့်ထားရာမှ အပူလွန်ကဲ၍ လောင်ခြင်း၊ မီးစက်ဘေး ဓာတ်ဆီထားပြီး စက်ဆီကို ဗန်းထဲထည့်ရာမှ လောင်ခြင်း၊ ဓာတ်ဆီပိုက်ပြုတ်၍ အင်ဂျင်ပေါ် ကျရာမှ လောင်ခြင်း၊ အိပ်ရာအနီးတွင် ဆေးပေါ့လိပ်ထားရာမှ လောင်ခြင်းစသည်ဖြင့် ဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

“မီးလောင်မှုတွေကို သုံးသပ်ကြည့်ရင် ပေါ့ဆမီးတွေ များနေတာကို တွေ့ရတယ်”ဟု အဆိုပါ မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။ ခြင်ဆေးခွေထွန်းရာမှ အိပ်ရာအနီးသို့ ကူးစက်လောင်ကျွမ်း သော မီးလောင်မှုသည် ဇန်နဝါရီ ၁၂ ရက် နံနက် ၃ နာရီခန့်တွင် သုံးခွ မြို့နယ် သိုက်တူးကန်ကျေးရွာအနီး ယုဇနလမ်းရှိ (၁၀ _ ၁၅) ပေ ဓနိမိုး ထရံကာ ဝါးခင်းအိမ်တွင် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အိမ်ရှင်ဖြစ်သူ ဒေါ်ပန်ချာအား သုံးခွမြို့နယ် ရဲတပ်ဖွဲ့စခန်းက ပ-၁၃/၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း၊ ထိုနေ့မှာပင် ကမာရွတ်မြို့နယ် (၆) ရပ်ကွက် ဆင်မလိုက်အဝေးပြေး ယုဇန အိမ်ရာခြောက်ခန်းတွဲ လေးထပ်အခန်း ၁၀၃(က)တွင် ပေ (၃၀_၄၀)ရှိသော ဆောက်လုပ်ရေးကုမ္ပဏီ လီမိတက်ရုံး၌ မွန်းလွဲ ၁၂ နာရီ ၄၈မိနစ်တွင် မီးလောင်ကျွမ်းခဲ့ခြင်းကို (ပ)၂၁/၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူခဲ့ရကြောင်း၊ ထိုမီးလောင်မှုမှာ ကုမ္ပဏီရေချိုးခန်းအတွင်း ရေပူ ရေအေးစက်ကို လူမရှိဘဲ ဖွင့်ထားရာမှအပူလွန်ကဲ၍ လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၂ ရက်၏ တတိယမြောက် မီးလောင်ကျွမ်းမှုဖြစ်စဉ်သည် ဒဂုံမြို့သစ် (တောင်ပိုင်း) စက်မှုဇုန်-၂ရှိ စက်မှုပတ်လမ်းနှင့် ချောင်းသာလမ်းထောင့် အမှတ်-၁၀၁၆ ပိုင်ရှင်ဦးဌေးအောင်၏ ကားဘော်ဒီရုံ ပေ(၄၀_ ၆၀) သွပ်မိုး ပျဉ်ကာနှစ်ထပ် အိမ်အောက်တွင် ညနေ ၄ နာရီ ၈မိနစ်ခန့်က မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်ကျွမ်းမှုမှာ မီးစက်ဘေး တစ်ဂါလန်ဆံ့သော သံပုံးအတွင်းမှဓာတ်ဆီကို ဆီဗန်းထဲသို့ လှယ်ထည့်ရာမှ မီးစက်အပူရှိန်ကြောင့် လောင်ကျွမ်းခဲ့ပြီး ဘော်ဒီရုံအငှားဖွင့်သူ ဦးတိုးတိုးလင်းအား (ပ)၃၃/၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားလျက်ရှိသည်။ ဇန်နဝါရီ ၁၂ ရက် ညနေ ၅ နာရီ ၁၈ မိနစ်ခန့်တွင် မရမ်းကုန်း မြို့နယ် (၆)ရပ်ကွက် ပြည်လမ်းနှင့် ပါရမီလမ်းထောင့်၌ ဌာနပိုင် ဏ/××××× TITAN အမျိုးအစား အဖြူရောင်ယာဉ်မှ မီးလောင်ကျွမ်းမှုဖြစ်ပွားသည်။ ဓာတ်ဆီပိုက်ပြုတ်ရာမှ အင်ဂျင်ပေါ်ကျ၍ မီးလောင်ခြင်းဖြစ်ပြီး အမှုကို(ပ) ၁၀/၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၂ ရက်၏ ပဉ္စမမြောက်ဖြစ်သော မီးလောင်ကျွမ်းမှုတစ်ခုသည် ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် အလုံ မြို့နယ် စောရန်ပိုင်(အနောက်) ရပ်ကွက် ကမ်းနားလမ်း ၆၆ ဘီ အိမ်ရှင် ဦးနာကလာချာ၏ ၁၀ ပေ ၁၀ ပေ သွပ်မိုးပျဉ်ခင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ထိုနေရာသည် အလုံထော်လီကွေ့ အနီး ခြံဝင်းကဲ့သို့ ပြွတ်သိပ်စွာ နေထိုင်ကြသော လမ်းသွယ်အတွင်းမှ နေအိမ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ဆေးပေါ့လိပ်ကို အိပ်ရာအနီးထားရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ကိုးစီး၊ သန္ဓေ ၄၂ ဦး၊ အရန် ၃၄ ဦးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရ၍ မီးလောင်မှုအား ၁၀/၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်ထားခဲ့ကြောင်း သိရသည်။

ယခုလို ခြောက်သွေ့ရာသီတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားလာခြင်းကြောင့် မီးပေါ့ဆမှုများ မဖြစ်စေရန် ဆင်ခြင် သုံးစွဲခြင်းဖြင့် မီးလောင်ဆုံးရှုံးခြင်းမှ လျော့ပါး သက်သာစေမည်ဖြစ်သည်။
ထက်ခိုင် (စမ်းချောင်း)
MOI Webportal Myanmar