Thursday, January 30, 2014

မြန်မာနိုင်ငံအတွက် ကန်ဒေါ်လာ သန်း ၇၀၀ ဇွန်လမတိုင်မီ ကမ္ဘာ့ဘဏ်ထောက်ပံ့မည်

ရန်ကုန်၊ ဇန်န၀ါရီ-၂၉
၂၀၁၄ ခုနှစ် နှစ်ဝက်(ဇွန်လ) မတိုင်မီ မြန်မာနိုင်ငံကို ကန်ဒေါ်လာသန်း ၇၀၀ ကျော် ထောက်ပံ့ရန် စီစဉ်နေသည်ဟု ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၌ ကမ္ဘာ့ဘဏ်
ဥက္ကဋ္ဌဂျင်ယုံကင်မ်က ပြောကြားခဲ့သည်။ ဇန်န၀ါရီ ၂၇ ရက်က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင် ရွက်ရေးဖိုရမ်၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင် ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများဖြစ်သည့် စွမ်းအင်၊ ကျန်းမာရေးနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအပြင် နိုင်ငံတွင်းဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်
စီးပွားရေးဖွံ့ဖြိုးမှု တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ၎င်းတို့၏ရန်ပုံငွေများကို အသုံးပြုနိုင်ရေး စီစဉ်ထားခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ ' ကမ္ဘာ့ဘဏ်အနေနဲ့ အမေရိကန် ဒေါ်လာ ၂ ဘီလီယံပမာဏရှိ အများပြည်သူနဲ့ ပုဂ္ဂလိကကဏ္ဍနှစ်ရှည် စီမံကိန်းတွေကို ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ လာမယ့်ဇွန်လမတိုင်ခင် မှာတော့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် အသုံးပြုနိုင်ဖို့ အတွက် ဆောင်ရွက်နေပါတယ် ' ဟု ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်ယုံကင်မ်က
ပြောသည်။

ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံသို့ အထောက်အပံ့များပေးမည်ဖြစ်သော်လည်း မည်သည့်လုပ်ငန်းအစီအစဉ်၌မ ဆို အကျင့်ပျက်ခြားစားမှုများတွေ့ရှိပါ က အထောက်အပံ့များ ချက်ချင်းရပ်ဆိုင်း သွားမည်ဖြစ်ကြောင်း၊၂၀၁၂ ခုနှစ် က ကမ္ဘာဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်စတင်ယူချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် အကျင့်ပျက်ခြစားမှုများကို သက်သေ သာဓကနှင့် တွေ့ရှိရသည့်အတွက် အထောက်အပံ့များကို ရပ်ဆိုင်းခဲ့သည် ဟု ၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုဆိုင်ရာ ကမ္ဘာ့နိုင်ငံများ အခြေပြစာရင်း၌ မြန်မာနိုင်ငံ မှာ နိုင်ငံပေါင်း ၁၈၉ နိုင်ငံထဲမှ အဆင့် ၁၈၂ တွင်ရှိနေကြောင်း၊ ထိုအဆင့် တွင် ရောက်ရှိနေခြင်းမှာ အကျင့်ပျက်ခြစားမှု လာဘ်ပေးလာဘ် ယူမှုများကြောင့်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်မှ သိရသည်။

' နိုင်ငံတကာက ထောက်ပံ့မှုဆိုတာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့ လိုအပ် တာအမှန်ပါ။ ကမ္ဘာ့ဘဏ်ပြောတဲ့ အတိုင်း အကျင့်ပျက်ခြစားမှုတွေရှိရင် ထောက်ပံ့တာချက်ချင်းရပ်ဆိုင်းသွား မယ်ဆိုတော့ နိုင်ငံအတွက် နစ်နာနိုင် တဲ့အတွက် အလားတူအပြုအမူမျိုးကို အထက်လူကြီးတွေအနေနဲ့ စောင့်ထိန်းမယ်။ အောက်ခြေ အဆင့်ကလူတွေကလည်း ထိန်းသိမ်း ဖို့လိုမယ်လို့ ထင်ပါတယ်။ ဒီကိစ္စမှာ ကမ္ဘာမှာပါ မျက်နှာ ပျက်မယ့် ကိစ္စပါ ' ဟု အဆိုပါ ဖိုရမ်သို့ တက်ရောက်ခဲ့သည့် လူမှုအဖွဲ့အစည်း တစ်ခုမှ မရတနာက ပြောဆိုသည်။
မင်းဟိန်းထက်(မြစ်မခ)
စံတော်ချိန် နေ့စဉ်သတင်းစာ