Friday, January 3, 2014

မန္တလေးအကျဉ်းထောင်မှ အကျဉ်းသား ၉၀၀ကျော်လွတ်၊ နိုင်ငံခြားသား ၄၀ကျော်ပါဝင်

သောကြာနေ့၊ ဇန်နဝါရီ ၃ရက်၊ ၂၀၁၄
မန္တလေး၊မဇ္ဈိမ။ ။ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ထပ်မံပေးရာ မြန် မာနိုင်ငံတ၀ှမ်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး မန္တလေး အိုးဘို အကျဉ်းထောင်မှလည်း ပြစ်ဒဏ်ကျခံနေရသူ ၈၈၃ဦးပါဝင်ခဲ့သည်။

အဆိုပါ ၈၈၃တွင် အမျိုးသမီး ၂၀၆ဦး၊ အမျိုးသား ၆၇၇ဦး ပါဝင်ကာ ထိုအထဲတွင် နိုင်ငံခြားသား(၄၆)ဦး ပါဝင်ကြောင်း မန္တလေးအိုးဘိုထောင်မှ စုံစမ်းသိရှိရသည်။

“လွတ်ရက်စေ့ခါနီးပြီဆိုပေမယ့် ထောင်ထဲမှာအကြာကြီးမနေချင်ဘူး၊ ကျွန်မသားလေးကို ထောင်ထဲမှာ မွေး ထားတာ နှစ်လပဲရှိသေးတယ်၊ တစ်ရက်စာလွတ်တော့လည်း တစ်ရက် ပိုပျော်ရတာပေါ့” ဟု မန္တလေးအိုးဘို အကျဉ်းထောင်မှ လွတ်မြောက်လာသူ မအိအိဖြိုးက ပြောကြားသည်။

နိုင်ငံတော်သမ္မတရုံးက ၁/၂၀၁၄ ဖြင့် ဇန်န၀ါရီလ ၃ ရက်အထိ ထောင်အသီးသီးတွင် ပြစ်မှုတစ်ခုခုဖြင့် ပြစ် ဒဏ်ကျခံရသူအားလုံးသည် သေဒဏ်ကျခံရသူဖြစ်ပါက ထောင်ဒဏ်တစ်သက် (ရက် အကန့် သတ်မရှိ) ရက်အကန့်အသတ်မရှိ ထောင်ဒဏ်တစ်သက်ကျခံရသူ (သေဒဏ်မှထောင်ဒဏ်၊ ရက်အကန့် အသတ်မရှိ ထောင်ဒဏ်တစ်သက်၊ အပြစ်လျော့ပေါ့ အမိန့်ချမှတ်ခံပြီးသူများ မပါ) ကို ထောင်ဒဏ် နှစ် ၄၀ နှင့် နှစ် ၄၀ အောက် ကျခံရသူကို ပြစ်ဒဏ်၏လေးပုံတစ်ပုံ ကျခံစေရန် လျှော့ပေါ့ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုလိုက်သည်ဟု ဇန်န၀ါရီလ ၂ရက် ညနေ ၆ နာရီတွင် ထုတ်ပြန်လိုက်သည်။

“ လွတ်လာတဲ့သူတွေထဲမှာ နိုင်ငံရေးကြောင့် အကျဉ်းကျတဲ့သူတွေမပါဘူး၊ တကယ့် နိုင်ငံရေးအကျဉ်းသား ကိုကျတော့ တခြားပုဒ်မတွေ တပ်ထားတာမျိုးဖြစ်နေတာ၊ ဒီနေ့လွတ်လာတဲ့သူတွေထဲမှာလည်း လွတ်ရက် စေ့သူတွေနဲ့ လွတ်ခါနီးသူတွေပဲများတယ်” ဟု မန္တလေးမြို့က ABSDF ရဲဘော်ဟောင်း ကိုညီညီကျော်က မဇ္ဈိမကိုပြောသည်။

ထို့ပြင် လွတ်မြောက်လာသူများထဲမှ ရပ်ဝေးသို့ပြန်ရမည့်သူများကို အကျဉ်းဦးစီးမှ တာဝန်ရှိသူများက ကားများဖြင့် မန္တလေးဘူတာကြီးနှင့် ကားဂိတ်များသို့ လိုက်ပါပို့ ဆောင်ပေးကြောင်း သိရှိရသည်။
အောင်ကိုဦး
Mizzima - News in Burmese