Tuesday, January 7, 2014

သင်္ဘောပင် အကိုင်းကူးစိုက်မယ်---

အကိုင်းကူးစိုက်ရင် မျိုးမှန်ပြီး အမြန်သီးတာကြောင့် အကိုင်းကူးစိုက်နည်းကို အသုံးပြုတာဖြစ်ပါတယ်။ မျိုးကောင်းမျိုးသန့် သင်္ဘောပင်ကို အကိုင်းကူးပြီး ပျိုးပင်ရောင်းစားရင် တွက်ခြေကိုက်ပါတယ်။ အကိုင်းကူးထားတဲ့ သင်္ဘော ပျိုးပင်က တစ်ပင် ကျပ် ၅ဝဝဝ လောက် တန်ပါတယ်။

သင်္ဘောအစေ့ကနေ စိုက်တဲ့အပင်က တစ်နှစ်ခန့် အကြာမှာ အသီး သီးပါတယ်။ အကိုင်းကူးတဲ့ သင်္ဘောပင်က စိုက်စိုက်ခြင်း အသီး သီးပါတယ်။

သင်္ဘောပင်မှာ မိန်းမလျာပင်က အကောင်းဆုံးဖြစ်တယ်။ သင်္ဘောပင်မှာ အထီးပင်၊ အမပင်၊ မိန်းမလျာပင် ဆိုပြီး ၃ မျိုးရှိပါတယ်။

အများ အားဖြင့် သင်္ဘောပင်ကို အထီးပင်နဲ့  အမပင်လို့ ပဲ သိကြပါတယ်။ မိန်းမလျာ ပင်ကို အတော် များများက မသိကြပါ။ ပုံမှာပြထားတဲ့အတိုင်း အထီး၊ အမ၊ မိန်းမလျာကို ခွဲခြားသိနိုင်ပါတယ်။

အထီးအပင်က ပွင့်တံရှည်ပြီး အသီးမသီးပါ။ သီးရင်လည်း အလုံးသေးသေးလေးတွေသီးပြီး စားလို့  မကောင်းပါ။ အမပင်က အသီး သီးပေမယ့် အညှာတံတိုပြီး အသီးက ပုပုလုံးလုံးနဲ့ အလုံးကြီးတွေ သီးတတ်ပါတယ်။ အသား ပါးပြီး အရသာသိပ်မရှိပါ။ မိန်းမလျာ ပင်ရဲ့ အသီးအညှာတံက အမ အညှာတံထက် နည်းနည်း ပိုရှည်တယ်။ အညှာတစ်ခုမှာ ၂ လုံး ၃ လုံးသီးတတ်တယ်။ အသီးက ရှည်မျောမျောဖြစ်တယ်။ အသားထူပြီး အလုံးသိပ်မကြီးတဲ့အတွက် မိသားစု တစ်စုစားဖို့ အရွယ်ဖြစ် လို့ ရောင်းပန်းလှတယ်။

သင်္ဘောပင်ကို ပုံမှန်အားဖြင့် အစေ့ကနေ စိုက်လေ့ရှိပါတယ်။ နဂိုအပင်က အသီးကောင်းပေမယ့် အဲ့ဒီအပင်က အစေ့နဲ့  စိုက်တဲ့အခါ နဂိုအပင်လို အသီးမကောင်းတာဖြစ် လေ့ရှိတယ်။ အစေ့ကစိုက်ရင် ၁ဝဝ မှာ ၃ဝ လောက်ပဲ အသီးကောင်းတဲ့ မိန်းမလျာပင် ရတတ်တယ်။ ကျွန်တော် ကိုယ်တိုင် နမူနာအဖြစ် အကိုင်းကူးပြီးဖို့ အတွက် မျိုးစေ့ ထုတ်ရောင်းတဲ့ဆိုင်က အစေ့ကို ပျိုးပြီး ၁ဝ ပင်လောက်ခြံထဲမှာ စိုက်တာ အခုတင်ပြတဲ့ အကိုင်းကူးတ အပင် တစ်ပင်ပဲအသီးသီးတယ်။ အသီး သိပ်မကောင်းပေမယ့် အများကို မျှဝေနိုင်ဖို့  အကိုင်းတော့ကူးလိုက်ပါပြီး။

အကိုင်းကူးမယ့် အပင်အကြီးအသေးပေါ်မူတည်ပြီး အကိုင်းကူးပင် ၁ဝ ချီကူးယူနိုပါတယ်။ ပထမ အကြိမ်အဖျားပိုင်းကို ကူးပြီးနောက် ဖြတ်လိုက်ရင် သင်္ဘောပင်ငုတ်တိုကနေ အတက်တွေထပ်ထွက် လာမယ်။ အဲ့ဒီ အတက်တွေ ကို ထပ်ပြီးကူးယူလို့ရပါတယ်။

အကိုင်းကူးရန် လိုအပ်တဲ့ပစ္စည်းများ--

(၁) ဓါးထက်ထက် တစ်လက်

(၂) အုန်းဆံအမှုန့် (အုန်းသီးအခွံ လက်နဲ့ဆွဲဖွရင် ဒါမှမဟုတ် ရေစိမ်ပြီး ထုရင် အုန်းဆံမှုန့် ရပါတယ်) ၊ အုန်းဆံမှုန့် မရှိရင် အုန်းခွံ

(၃) ရေ

(၄) ရေဆိုရင် မဆွေးတဲ့ ဝါးခြမ်းစ အငယ် (သို့ မဟုတ်) သစ်သား စငယ်

(၅) ပလတ်စတစ်အိတ်ငယ် အကြည် (သို့) ပလတ်စတစ်အိတ်ဖြတ်စ အကြည်သား

(၆) ကြိုး

အကိုင်းကူးနည်း ----- ဓါတ်ပုံနဲ့ယှဉ်ကြည့်ပါ---

(၁) ပင်စည်းအဖျားအောက်နားကနေ အပေါ်လှန်ပြီးဓါးနဲ့ဖြတ်ပါ။

(၂) ပင်စည်ရဲ့ ၃ ပုံ ၁ ပုံလောက်ကိုဖြတ်ပါ။ အရှည် ၃ လက်မလောက်ဖြတ်ပါ။

(၃) ပင်စည်ဖြတ်သား ထက် အနည်းငယ်ရှည်ပြီး ရေစိုရင် မဆွေးလွယ်တဲ့ ဝါးခြမ်းစ ဒါမှမဟုတ် သစ်သားစ ကို ပင်စည်ဖြတ်သား ကြားကို ထိုးသွင်းပါ။ ပင်စည်ဖြတ်သားနဲ့ ပင်စည် ပြန်မဆက်သွားအောင် ခွါထားဖို့ အတွက်ဖြစ် ပါတယ်။

(၄) အုန်းဆံမှုန့် ကိုရေဝအောင်ဆွတ်ပြီး ပလတ်စတစ်အိတ် အကြည်ထဲ သွတ်သွင်းပါ။ လက်နဲ့ညှစ်ကြည့်ရင် ရေထွက်လာတဲ့အနေ အထားဖြစ်ပါတယ်။ (အုန်းခွံကို သုံးမယ်ဆိုရင်လည်းအလားတူဖြစ်ပါတယ်။) အိတ်အဝကို ခိုင်ခိုင်စည်းထားပါ။ ပလတ်စတစ် အကြည်သားကို သုံးတာက အမြစ်ထွက်လာတဲ့အခါ မြင်ရအောင်ဖြစ်ပါတယ်။) မိမိ အကိုင်းကူးမယ့် သင်္ဘောပင် အရွယ်အစားအပေါ်မူတည်ပြီး သင့်တော်တဲ့ ပလတ်စတစ်အိတ် အရွယ်အစားကို အသုံးပြုပါ။

(၅) အုန်းဆံမှုန့်အိတ်ကို ဓါးနဲ့ခွဲပါ။

(၆) ဓါးနဲ့ဖြတ်ထားတဲ့ သင်္ဘောပင်စည်ဖြတ်စအချွန်နေရာကို အုန်းဆံအိတ်ခွဲထားတဲ့ဖက်ကနေ အုပ်ပြီး ကြိုးနဲ့ ကြပ်ကြပ် စည်းပါ။ ကောက်ညှင်း ထုပ်စည်းသလို ကြပ်ကြပ်စည်းပါ။

(၇) အကိုင်းကူးဖို့ဖြတ်ထားတဲ့နေရာရဲ့ ဆန့်ကျင်ဘက်အခြမ်းက ပင်စည် အသားကို အနည်းငယ် ဖြတ်ထုတ်ပါ။

သင်္ဘောပင် အဖျားကို ရေပို့ တဲ့လမ်းကြောင်းကို ဖြတ်တောက်ဖို့ဖြစ်ပါတယ်။ ဒီတော့မှ အကိုင်းကူးတဲ့ ဖြတ်စနေရာကနေ ရေစုပ်ယူဖို့အတွက် အမြစ်မြန်မြန် ထွက်လာမှာဖြစ်တယ်။

(၈) ပင်စည်ကို နှစ်ဖက်ဖြတ်ထားတဲ့အတွက် လေတိုက်ရင် ကျိုးလွယ်ပါတယ်။ ဒါကြောင့်ထောက်တိုင် ထောင်ပြီး တွဲချည်ထားပါ။

(၉) ရက် ၃ဝ ခန့်အကြာမှာ အမြစ်တွေ ထွက်လာတာ တွေ့ရပါမယ်။ ဖြတ်ပြီး ပြောင်းစိုက် နိုင်ပြီဖြစ်ပါတယ်။

(၁ဝ) အကိုင်းကူးတဲ့ ပင်မ ပထမ ပိုင်းကို ဖြတ်ထုတ်လိုက်ပြီးနောက် ပင်စည်မှာ အတက်တွေ ထပ်ထွက်လာမယ်။ အဲ့ဒီအတက်တွေကိုလည်း အလားတူ အကိုင်းကူးယူနိုင်ပါတယ်။ ပင်စည်ဖြတ်စ နေရာမှာ အတက်မထွက်တော့ဘူးဆိုရင် အဲ့ဒီအောက်နားကနေ ထပ်ဖြတ်လိုက်ပါ။ အတက်တွေ ထပ်ထွက်လာပါလိမ့်မယ်။ အဲ့ဒီလို ပင်စည်ကိုဖြတ်လိုက် အတက်ထွက်လိုက် အကိုင်းကူးလိုက်နဲ့ အပင် ကြီးရက် အကိုင်းကူးပင် ၁ဝဝ လောက်အထိကို ကူးယူနိုင်ပါတယ်။

(၁၁) ပင်စည်က ဖြတ်လာတဲ့ ကူးကိုင်းကို ပျိုးအိတ်ထဲမှာ တစ်လ ပျိုးထားပြီးမှ စိုက်ခင်းထဲမှာ သွားစိုက်တာက ပိုကောင်းပါတယ်။

(၁၂) အကိုင်းကူးပျိုးပင်တွေကို စိုက်ခင်းထဲမှာ သွားစိုက်ပါ။ အကိုင်း ကူးချိန်မှာ ပါလာတဲ့ အပွင့်နဲ့ အသီးတွေဟာ ကြွေမသွားပဲ အသီးကြီးထွား လာပါမယ်။

(၁၃) အုန်းခွံနဲ့ အကိုင်းကူးမယ် ဆိုရင်လည်း စောစောကနည်းအ တိုင်းဖြစ်ပါတယ်။ အုန်းခွံကို ရေဆွတ်ပြီး ပင်စည်းဖြတ်စ နေရာကို အုပ်ပါ။ ကြိုးနဲ့ကြပ်ကြပ်စည်းပါ။

(၁၄) အုန်းခွံစည်းထားတဲ့နေရာ ကို ပလတ်စတစ်အခြမ်းနဲ့ပင်စည်ကိုပါ အလုံစည်းပြီးကြိုးချည်ထားပါတယ်။ အုန်းခွံက ရေတွေ အငွေ့ပြန်ပြီး မခြောက်သွားအောင် အတွက်ဖြစ်ပါတယ်။ ရက် ၃ဝ လောက်အကြာမှာ အမြစ်တွေထွက်လာတာကိုတွေ့ရမယ်။ အမြစ်ထွက်လာပြီးရင်တော့ ဖြတ်ပြီး ပျိုးအိတ်မှာ ပျိုးထားပြီးနောက် စိုက်ခင်းထဲကိုရွေ့စိုက်နိုင်ပါ တယ်။

စိုက်ခင်းပြင်ဆင်နည်း---

သင်္ဘောပင် အမြစ်က နုနယ်တဲ့အတွက် စိုက်ခင်းကို အရင်ပြင်ထားရပါတယ်။ စိုက်ခင်းမှာ မစိုက်ခင် တစ်လလောက်ကြိုပြီး ကျင်းကို တစ်တောင် ပတ်လည်လောက် အကျယ်တူးပြီး နွားချေး တစ်ဆ မြေကြီး တစ်ဆနဲ့ အတူရောပြီး တူးထားတဲ့ကျင်းထဲမှာ ရေလောင်းပြီး သိပ်ထားပါ။ စိုက်ခင်ထဲ မပြောင်းခင်မှာ ပျိုးပင်အိတ်ကိုရေမလောင်းပဲ ထားလိုက်ပါ။

ပျိုးပင်အိတ်ထဲက မြေအနည်းငယ် ခြောက်စဖြစ်လာမှ စိုက်ခင်းကျင်းထဲမှာ စိုက်ပါ။ ပျိုးပင်အိတ်ထဲက မြေအနည်းခြောက်အောင်ထားတာက ပျိုး ပင်အိတ်ကိုဖြတ်ထုတ်လိုက်တဲ့အခါ မြေတွေ ကွာမကျတဲ့အတွက် အမြစ်ကို မထိခိုက်နိုင်တာကြောင့် အပင်ရှင်သန်မှုအားကောင်းမှာဖြစ်ပါတယ်။
MOI Webportal Myanmar