Thursday, January 23, 2014

အမေရိကန်သံရုံးကို ဗုံးခွဲမည့် အစီအစဉ်အား အစ္စရေး တားဆီးခဲ့

23 Jan 2014
အစ္စရေး နိုင်ငံက မိမိတို့သည် အမေရိကန် သံရုံးကို ဗုံးခွဲတိုက်ခိုက်မည့် အကြံအစည်ကို အကောင်အ ထည်ဖော်မည့် ပါလက်စတိုင်း နှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။ အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်နေသူ နှစ်ဦးသည် အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်ဗ်မြို့ရှိ အမေရိကန် သံရုံးအပါ အဝင် ပစ်မှတ်အချို့ကို တိုက်ခိုက်သွားရန် ရည်ရွယ်ထားခဲ့ကြောင်း အစ္စရေး ထောက်လှမ်းရေးက ဆိုသည်။ အစ္စရေး၏ ကြားဝင်မှုကြောင့် အဆိုပါ အစီအစဉ် ပျက်ပြားသွားပြီး များမကြာမီမှာပင် အနောက်ဘက် ကမ်းခြေ ဒေသရှိ ဂျီနင်မြို့တွင်လည်း တတိယမြောက် ပါလက်စတိုင်း တစ်ဦးကို ယင်းအမှုနှင့် ဆက်နွယ်၍ ဖမ်းဆီးနိုင်ခဲ့သည်။

၎င်းတို့သည် အနောက်ဘက် ကမ်းခြေဒေသ မြောက်ပိုင်းရှိ အယ်လ်ကေးဒါး အဖွဲ့များအတွက် အလုပ် လုပ်ပေးနေသူများဟု ယူဆရကြောင်း အစ္စရေးတို့က ဆိုသည်။ အစ္စရေး၏ ရှင်းဘတ် ထောက် လှမ်းရေး အေဂျင်စီက အယ်လ်ကေးဒါးတို့သည် ဂျေရုဆလင်မ် နိုင်ငံတကာ ညီလာခံစင်တာကိုလည်း တိုက်ခိုက်ရန် ပစ်မှတ်ထားခဲ့သလို အစ္စရေး စစ်သားများကို ပြန်ပေးဆွဲ သတ်ဖြတ်ရန်လည်း စီစဉ်ထားကြောင်း ကြေညာခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မိမိတို့သည် ယခုဖြစ်ရပ်အတွက် အစ္စရေးသို ဆက်သွယ် ၍ မေးမြန်း စုံစမ်းထားကြောင်း ပြောဆိုခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြော ဆိုရန်မူ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီဟာ့ဖ်က ငြင်းဆန်သွားသည်။ ပါလက်စတိုင်းတွင် အခြေစိုက်ပြီး အယ်လ်ကေးဒါးတို့၏ မဟာမိတ်ဖြစ်သည့် ဟားမာ့စ် စစ်သွေးကြွတို့ကမူ အစ္စရေး၏ အဆိုသည် လိမ်လည်ကြေညာမှုသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။
Planet Myanmar Network