Thursday, January 16, 2014

မြန်မာ့အလင်းသတင်းစာ လွတ်လပ်တော့မည်


မြန်မာ့အလင်းကို လွတ်လပ်တဲ့သတင်းစာ တစ်စောင်အဖြစ် ထုတ်ဝေတော့မယ်လို့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။ ဒီနှစ်ကစပြီး ပုဂ္ဂလိကတစ်ပိုင်း သတင်းစာဖြစ်လာတာနဲ့အညီ၊ သတင်းစာရဲ့ မူဝါဒပိုင်း ဟာလည်း လွတ်လပ်သွားတော့ မှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဦးရဲနိုင် က ပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

မြန်မာ အင်္ဂလိပ် နှစ်ဘာသာနဲ့ ထုတ်ဝေနေ တဲ့ မြန်မာ့အလင်းသတင်းစာကို အစိုးရက ၅၁ ရာနှုန်း၊ ပုဂ္ဂလိက က ၄၉ ရာနှုန်း ပိုင်ဆိုင်ပြီဖြစ်လို့ အပြင်အဆင် အသစ်၊ အရောင်အသွေးစုံနဲ့ ပြည်သူတွေ စိတ်ဝင်စား တဲ့ အကြောင်းအရာတွေကို ဦးစားပေးဖေါ်ပြသွားမယ် လို့ ဆိုပါတယ်။ မြန်မာ့အလင်းကို ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်း သတင်းစာလိုမျိုးဖြစ်အောင် ပြောင်းလဲ သွားမှာဖြစ်ပါတယ်။ မူဝါဒပိုင်းမှာလည်း လွတ်လွတ်လပ် လပ်ရှိမှာ ဖြစ်ပါတယ်၊ အရင်စစ်အစိုးရလက်ထက်ကတော့ အဲဒီတုန်းက မူဝါဒအရ ဘီဘီစီ မိုးလုံးပြည့် မုသာဝါဒ၊ လေလှိုင်းထဲက လူသတ်သမားစတဲ့ ၀ါဒဖြန့်ချိရေးတွေ ထည့်ခဲ့ရပါတယ်၊ အခုတော့ အစိုးရ လည်းပြောင်းသွားပြီမို့ အဲဒါမျိုးတွေ မရှိတော့ပါဘူးလို့ ဦးရဲနိုင်က ပြောပါတယ်။

အာဏာပိုင်တွေရဲ့ ၀င်ရောက်စွက်ဖက်မှုတွေ ရှိတော့မှာ မဟုတ်ပေမဲ့၊ သတင်းစာအနေနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေမပါ၊ ပဋိပက္ခဖြစ်အောင် လှုံ့ဆွတာတွေမလုပ်ဘဲ၊ ကျင့်ဝတ်သိက္ခာနဲ့ညီတဲ့ သတင်း စာဖြစ်ဖို့မျှော်လင့်ကြောင်းလည်း ပြောပါတယ်။ ဒါပေမဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် စိုးရိမ်ပူပန် မှုတွေက ရှိနေဆဲဖြစ်ပါတယ်။

ဒီလအစောပိုင်းက အလဲဗင်းမီဒီယာက သတင်းထောက်တစ်ယောက်ကို ဖမ်းဆီးထောင်ချခဲ့တာဟာ၊ တရားရေးလောက ခြစားမှုတွေအကြောင်း သတင်းဆောင်းပါးရေးသားခဲ့တဲ့အတွက် ပစ်မှတ်ထားခံရတာလို့ ယုံကြည်ယူဆကြတဲ့အတွက် သတင်းမီဒီယာသမားတွေစုပေါင်းပြီး ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

မနှစ်ကထုတ်ပြန်ခဲ့တဲ့ နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ရဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းစာရင်း မှာ မြန်မာနိုင်ငံဟာ ၁၇၉ နေရာကနေ ၁၅၁ နေရာအထိ ၁၈ ဆင့် ခုန်တက်သွားခဲ့ပါတယ်။
RFA Burmese