Monday, January 20, 2014

မိုးကြိုးကြောင့် ကမ္ဘာကျော် သခင်ယေရှုရုပ်တု လက်မထိပ်ပြတ်ကျ


ရီယိုဒီဂျနေးရိုး၊ ဇန်န၀ါရီ-၁၈
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တော်အပေါ် စီးမိုးတည်ရှိနေသော တောင်ကုန်းတစ်ကုန်းထက်၌ တည်ဆောက်ထားသည့် ကမ္ဘာကျော် သခင် ယေရှုရုပ်တုကြီးကို မိုးကြိုးပစ်ခဲ့ရာ ရုပ်တုကြီး၏ လက်ချောင်း တစ်ချောင်း ထိပ်ပိုင်းပြတ်ထွက်ခဲ့ရကြောင်း ဇန်န၀ါရီ ၁၈ ရက် သတင်းများတွင် ဖော်ပြသည်။

ရီယိုဒီဂျနေးရိုးမြို့တော်၏ အထင်ကရအဖြစ်ဆုံး အထိမ်းအမှတ်ဖြစ်သည့် ခရစ်သည် ရီဒီးမားအမည်ရှိ သခင်ယေရှုရုပ်တုတော်ကြီးသည် ဇန်န၀ါရီ ၁၆ ရက်က တိုက်ခတ်ခဲ့သော မုန်တိုင်းအတွင်း မိုးကြိုးထိမှန် မှုကြောင့် ယာဘက်လက်မ ထိပ်ပိုင်းပျက်စီးခဲ့ရကြောင်း မြို့တော် တာဝန်ရှိသူများက ပြောကြားသည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း လေမုန်တိုင်း တိုက်ခတ်စဉ် မိုးကြိုးပစ်ခတ်မှုကြောင့် ခရစ်သည် ရီဒီးမား သခင်ယေရှုရုပ်တုကြီး၏ ယာဘက်လက်ခလယ် လက်ချောင်း ပြတ်ထွက်ခဲ့ဖူးသည်။

ရီယိုဒီဂျနေရိုးမြို့ရှိ ကော်ကိုဗာဒိုအမည် တောင်ထိပ်ပေါ်တွင် တည်ဆောက်ထားသော ခရစ်သည် ရီဒီးမား ရုပ်တုကြီးမှာအမြင့် ၃၄ မီတာရှိပြီး ၂၀၀၇ ခုနှစ်တွင် ကမ္ဘာ့အံ့ဖွယ် ခုနစ်ခုစာရင်း၌ ပါဝင်ခဲ့ရသည်။

ဇန်န၀ါရီ ၁၆ ရက်က တိုက်ခတ်ခဲ့သော မိုးသက်မုန်တိုင်းအတွင်း ရီယိုဒီ ဂျနေးရိုးမြို့တော်၌ သစ်ပင်များ လဲကျကာ လမ်းများရေလျှံခဲ့ရသည်။ ယင်းအပြင် မုန်တိုင်းတိုက်ခတ်ချိန် သုံးနာရီတာ ကာလအတွင်း မိုးကြိုးအကြိမ် ၄၀၀၀၀ ကျော်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စံတော်ချိန် နေ့စဉ်သတင်းစာ