Friday, January 31, 2014

ရွေးကောက်ပွဲမတိုင်မီ ဘန်ကောက်မြို့တွင် စစ်တပ်အင်အား တိုးမြှင့်ချထားမည်

ဘန်ကောက်၊ ဇန်န၀ါရီ ၃၀
ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပမည့်ရွေးကောက်ပွဲ မတိုင်မီ စစ်တပ်များကို တိုးမြှင့်ချထားမည် ဖြစ်ကြောင်း ဇန်န၀ါရီ ၃၀ ရက်က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲ အတိုက်အခံများက ကန့်ကွက်နေသော်လည်း ဆက်လက် ကျင်းပမည်ဆိုခြင်းကြောင့် အခြေအနေများမှာ ပိုမိုတင်းမာလာနေပြီး ဆန္ဒပြသူများက အဓိကလမ်းဆုံများကို ပိတ်ဆို့ထားသည်။

“ဆန္ဒပြမှုတွေဖြစ်ပွားနေတဲ့နေရာမှာ ကျွန်တော်တို့ တပ်တွေတိုးချသွားပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာမှာ ဆူပူလှုပ်ရှားမယ့်လူတွေ ရှိနေလို့ပါ” ဟု စစ်တပ်မှ ပြောခွင့်ရပုဂ်္ဂိုလ် ၀င်းထိုင်ဆူဗာရီက ပြောသည်။

ထိုင်းနိုင်ငံ၏ ထိလွယ်ရှလွယ် ဒီမိုကရေစီစနစ်အတွက် အရေးပါသော စမ်းသပ်မှု တစ်ခုဖြစ်လာ မည့် ရွေး ကောက်ပွဲကို စောင့်ရှောက်ရန်အတွက် ဖေဖော်ဝါရီ ၂ ရက်၌ ထောင်ပေါင်းများစွာသော ရဲတပ်ဖွဲ့ဝင်များ ကို ထိုင်းနိုင်ငံအနှံ့အပြားတွင် ဖြန့်ကြက်သွားမည် ဖြစ်သည်။ မဲရုံများကို ပိတ်ဆို့မည်ဟု အတိုက်အခံ ဆန္ဒ ပြသမားများမှ ခြိမ်းခြောက်နေခြင်းကြောင့် ယခုကဲ့သို့ ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။

သို့သော် ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲမှာ နှစ်ရှည်လများ ဖြစ်ပွားနေသည့် နိုင်ငံရေး အကြမ်းဖက်မှု သံသရာကို အဆုံးသတ်စေမည် မဟုတ်သည့်အပြင် ၀န်ကြီးချုပ်ယင်လပ်၏ ပြိုင်ဘက်များ ကိုလည်း ကျေနပ်စေလိမ့်မည် မဟုတ်ဟု ကျွမ်းကျင်သူများက ဆိုသည်။

လွန်ခဲ့သော သုံးလခန့်မှ စတင်ခဲ့သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း ထိပ်တိုက်ရင်ဆိုင်မှုများ၊ ဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။

“ထိုင်းနိုင်ငံဟာ ခုချိန်မှာ ပဋိပက္ခတွေ တောက်လျှောက်ဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံလို ဖြစ်နေပါပြီ။ လွယ် လွယ်ကူကူနဲ့ အဆုံးသတ်သွားလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု နယူးယောက်အခြေစိုက် လူ့ အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ အကြီးတန်း သုတေသနပညာရှင် ဆူနိမ်ဖာဆက်ခ်က ဆိုသည်။

ထိုင်းနိုင်ငံ၏ အထက်တန်းလွှာ လူတန်းစားများမှ ထောက်ခံသည့် ဒီမိုကရက်ပါတီကလည်း ရွေးကောက် ပွဲကို သပိတ်မှောက်ထားပြီး၊ ယင်းရွေးကောက်ပွဲတွင် ယင်လပ်၏ပါတီ အနိုင်ရရှိရန်အတွက်သာ ဖြစ်သည် ဟု ပြောဆိုထားသည်။ ထို့အပြင် ပါလီမန်သစ်တွင် အမတ်ဦးရေ အလုံအလောက် ရှိနိုင်မရှိနိုင်ကိုလည်း မေးခွန်းထုတ်ထားသည်။

ဘန်ကောက်မြို့ရှိ အချက်အချာကျသော လမ်းဆုံများကို သိမ်းပိုက်ထားသည့် ဆန္ဒပြသမားများကမှု အရွေးချယ်ခံ မဟုတ်သော “ပြည်သူ့ကောင်စီ”ကို တင်မြှောက်နိုင်ရန်အတွက် ယင်လပ်၏ အစိုးရအနေ ဖြင့် ရာထူးမှဆင်းပေးရန် တောင်းဆိုထားသည်။ ခြစားမှုများ၊ မဲဝယ်ခြင်းများကို တိုက်ဖျက်ရန် ရည်ရွယ် သည့် ပြောင်းလွယ် ပြင်လွယ် ပြုပြင်ပြောင်းလဲရေးများကို ယင်းကောင်စီမှ စီမံကွပ်ကဲရန်အတွက် ယခု ကဲ့သို့ တောင်းဆိုခြင်း ဖြစ်သည်။

ယင်လပ်၏ ပြိုင်ဘက်များကလည်း သူမမှာ အစ်ကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင်၏ ရုပ်သေးရုပ် တစ်ရုပ်မျှသာ ဖြစ်သည်ဟု စွပ်စွဲပြောဆိုထားကြသည်။
ရိုက်တာ
Mizzima - News in Burmese