Sunday, January 12, 2014

ဆွမ်းဘုဉ်းမပေးဘဲ လမ်းလျှောက်မေတ္တာပို့နေသော ဆရာတော်အား ဆက်မလျှောက်ရန် မေတ္တာရပ်ခံ

ဆွမ်းဘုဉ်းမပေးဘဲ လမ်းလျှောက်မေတ္တာပို့နေသောဆရာတော် ဓာတ်ပုံ - လင်းသက်နိုင်
အောင်လံ Sunday, January 12, 2014
လက်ကျန်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် မန္တလေးမှ ရခိုင်ပြည်နယ် စစ်တွေမြို့အထိ ဆွမ်းဘုဉ်းပေးခြင်းမပြုဘဲ လမ်းလျှောက်ကာ မေတ္တာပို့ဆုတောင်းနေသော ဆရာတော် ဦးရက္ခ၀ံသသည် ဇန်န၀ါရီ ၁၁ ရက်တွင် အောင်လံမြို့နယ်အတွင်းသို့ ရောက်ရှိလာရာ သက်ဆိုင်ရာအာဏာပိုင်များ က အောင်လံမြို့နယ်အစပ်တွင် ဆက်မလျှောက်ရန် လာရောက် မေတ္တာရပ်ခံခဲ့ကြောင်း ဆရာတော်က မိန့်ကြားသည်။

““သာသနာရေးဦးစီးလို့ ပြောတာပဲ။ ဆရာတော့်အသက်အရွယ်အရ ကျန်းမာရေးအတွက်စိုးရိမ်လို့ဆိုပြီး လာပြောတာ။ တားတာတော့ မဟုတ်ပါဘူး။ မေတ္တာရပ်ခံတာလို့ ပြောပါတယ်”” ဟု ဆရာတော်က မိန့်ကြားသည်။
ဇန်န၀ါရီ ၅ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ဂွေးပင်ရွာမှ စတင်လမ်းလျှောက်လာခဲ့သော ဆရာတော်၏ခရီးစဉ်အတွင်း ဖြတ်သန်းလာသော မြို့ရွာများအနက် ရေနံချောင်းမြို့၌လည်း သက်ဆိုင်ရာမှ လာရောက်ပြောဆိုမှုများရှိခဲ့ပြီး ယခု ဒုတိယအကြိမ်မြောက် ပြောခြင်းဖြစ်ကြောင်းလည်း ဆရာတော်က မိန့်ကြားသည်။

ဇန်န၀ါရီ ၁၁ ရက် နံနက်တွင် ဆင်ပေါင်ဝဲမြို့နယ် စစ်စေးချောင်းကျေးရွာမှ စတင်ထွက်ခွာလာခဲ့ပြီး ဆရာတော်ခေတ္တနားခိုမည့်နေရာဖြစ်သော အောင်လံမြို့အတွင်းရှိ လှေဝန်းကျောင်းတိုက်သို့ နေ့လယ် ၁ နာရီခန့်တွင် ရောက်ရှိလာရာ ခရီးစဉ်တစ်လျှောက် အာဏာပိုင်များနှင့် ကူညီကြသူ စုစုပေါင်း ၃၀ ကျော်ခန့် လိုက်ပါလာခဲ့သည်။
 7Day Daily