Friday, January 3, 2014

လာမထုတ်သည့် မော်တော်ယာဉ် အစီးရေ လေးရာကျော် နိုင်ငံပိုင်သိမ်း

ရန်ကုန်၊ ဇန်နဝါရီ ၂
ပြည်ပမှ မှာယူတင်သွင်းပြီး တစ်နှစ်ကျော်သည်အထိ လာရောက် ထုတ်ယူခြင်း မရှိသည့် မော်တော်ယာဉ် အစီးရေ လေးရာကျော်ကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က နိုင်ငံပိုင်အဖြစ် သိမ်းဆည်းလိုက်ပြီ ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် က ပြောကြားသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးတွင် ဇန်နဝါရီလ ၂ ရက်နေ့က ပြုလုပ်သော မော်တော်ယာဉ်များ ဆိပ်ကမ်းမှ ထုတ်ယူရာတွင် လျော့နည်း၊ ပျောက်ဆုံးမှုများ မရှိစေရေး ညှိနှိုင်း အစည်းအဝေးပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်များအပြင် ရက် ၆၀ ကျော် လာရောက် ထုတ်ယူခြင်း မရှိသည့် မော်တော်ယာဉ် အစီးရေ ၂၁၀၀ ကျော်ကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာ နနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့မှ တာဝန်ရှိသူများ ဆွေးနွေး၍ ဆက်လက် လုပ်ဆောင် မည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး ဦးဆောင်ညွှန်ကြားရေးမှူး (ပူးတွဲ) ဦးကျော်မြင့် က ပြောကြားသည်။
“အရင်တုန်းကတော့ အဲဒီကားတွေကို သိမ်းပြီး လေလံပစ်တယ်။ ပစ်ပြီးတော့ ပိုင်ရှင်ကို ပြန်ပေးတယ်။ အခုတော့ အဲလို မလုပ်တော့ဘူး” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ မော်တော်ယာဉ်များကို နိုင်ငံပိုင် သိမ်းဆည်းပြီး အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနသို့ အပ်နှံမည် ဖြစ်ကြောင်း ဦးကျော်မြင့်က ပြောကြားသည်။

ပြည်ပမှ မှာယူတင်သွင်းပြီး တစ်နှစ်ကျော်သည်အထိ လာရောက် ထုတ်ယူခြင်း မရှိသည့် မော်တော်ယာဉ် အစီးရေသည် ၄၀၆ စီးရှိပြီး ရက် ၆၀ ကျော်ထိ လာရောက် ထုတ်ယူခြင်း မရှိသည့်ယာဉ် အစီးရေ ၂၁၂၃ စီး ရှိကြောင်း အဆိုပါရုံးထံမှ သိရသည်။
The Voice Weekly