Friday, January 3, 2014

လွှတ်ပေးပြီး ပြန်ဖမ်းခြင်းမှာ အမိန့်နှင့် မကိုက်ညီသောကြောင့်ဟုဆို

ရန်ကုန် Friday, January 3, 2014
တပ်မတော်ထောက်လှမ်းရေးအရာရှိနှစ်ဦးကို ပြန်လွှတ်ပေးပြီး နာရီပိုင်းအတွင်း ပြန်ဖမ်းခြင်းမှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အမှတ် ၅၁ နှင့် အကျုံးမ၀င်သည့် အခြား ပြစ်ဒဏ်ကျ ပုဒ်မများကြောင့် လွှတ်မိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြား သည်။

““သူတို့ကို အရေးယူတဲ့ ပုဒ်မတွေမှာ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၅၁ နဲ့ အကျုံးဝင်တဲ့ပုဒ်မ ပါသလို တခြား ပြစ်မှုဆိုင်ရာဥပဒေများနဲ့ အရေးယူတဲ့ ပုဒ်မများလည်း ပါဝင်ပါတယ်။ တာဝန်ရှိသူအချို့က အဲဒီအချက်ကို သတိမမူမိဘဲ လုပ်ဆောင်လိုက်တဲ့အတွက် လွှတ်မိန့်ကို ပြန်ရုပ်သိမ်းပြီး ကျန်တဲ့ပြစ်ဒဏ် များကို ဆက်လက်ကျခံရတာ ဖြစ်ပါတယ်။ လွှတ်ပြီးမှ ပြန်ဖမ်းတာမဟုတ်ပါဘူး””ဟု ၎င်းကပြောကြား သည်။
ထောက်လှမ်းရေးရုံးချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး တောင်ငူထောင်တွင် အကျဉ်းကျခံရပြီးနောက် လားရှိုးထောင်သို့ ပြောင်းရွှေ့ခံရသော ဗိုလ်မှူးကြီးတင်ဦးနှင့် တောင်ငူဒေသတွင် ဒုတိယတပ်ရင်းမှူးတာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်မှူးမိုးသူတို့ကို  သက်ဆိုင်ရာအကျဉ်းထောင်အသီးသီးမှ လွှတ်လိုက်ပြီးနောက် နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။လားရှိုးအကျဉ်းထောင်တွင် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ၊ အများပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်မှု ဥပဒေ (အပက-၃)နှင့် လိမ်လည်မှု(ပုဒ်မ ၄၂၀) တို့ဖြင့် ထိန်းသိမ်းခံရသော ဗိုလ်မှူးကြီးတင်ဦးနှင့် ဘားအံအကျဉ်းထောင်မှ ဗိုလ်မှူးမိုးသူတို့ ဖြစ်ပြီး ဗိုလ်မှူးကြီးတင်ဦးကို လားရှိုးလေဆိပ်၌ပင် ညနေပိုင်းတွင် စ.အ.ဖ က ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီး ဗိုလ်မှူးမိုးသူကိုမူ ရန်ကုန်အပြန် အင်းစိန်အကျဉ်းထောင် တွင် ပြန်လည်ထိန်းသိမ်းထားကြောင်း သတင်းများထွက် ပေါ်နေသည်။

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် မတရားအသင်းအက်ဥပဒေပါ ပြစ်မှုများ၊ နိုင်ငံတော်သစ္စာဖောက် ဖျက်ပုန်ကန်မှု၊ အကြည်ညိုပျက်အောင် ပြုလုပ်မှု၊ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေး အန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများ၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊ အများပြည်သူ၏ အကျိုးပျက်စီးစေမှု (ပုဒ်မ ၅၀၅)နှင့် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေပါ ပြစ်မှုများဖြစ်သည်။
7Day Daily