Tuesday, January 28, 2014

ပင်လယ်ရေအောက် ဖိုက်ဘာဆက်ကြောင်းတစ်ခု ထပ်မံချိတ်ဆက်မည်

Se Me We 3 ရေအောက်ဆက်ကြောင်း ချိတ်ဆက်ရာလမ်းကြောင်းပြပုံ
Monday, January 27, 2014
နိုင်ငံတကာ ဖိုက်ဘာဆက်ကြောင်းသို့ ဆက်သွယ်နိုင်မည့် ပင်လယ်ရေအောက် ဖိုက်ဘာဆက်ကြောင်းတစ် ခု ထပ်မံပြေးဆွဲချိတ်ဆက်ရန် စီစဉ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်ပဆက်သွယ်ရေးဌာန လက်ထောက်အင်ဂျင်နီယာတစ်ဦးက ပြောသည်။

ပုသိမ်ပြည်ပဆက်သွယ်ရေးစခန်းမှတစ်ဆင့် ငွေဆောင်သို့ ဖိုက်ဘာဆက်ကြောင်းတစ်ခု ပြေးဆွဲ ရန် ပြည်တွင်းကုမ္ပဏီများအား တင်ဒါခေါ်ထားပြီး အဆိုပါဆက်ကြောင်း ပြေးဆွဲပြီးပါက ငွေဆောင် မှတစ် ဆင့် ပင်လယ်ရေအောက်ရှိ နိုင်ငံတကာ ဖိုက်ဘာဆက်ကြောင်းနှင့် ဆက်သွယ်နိုင်ရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
““ကမ္ဘာ့နိုင်ငံတော်တော်များများနဲ့ ချိတ်ဆက်ထားတဲ့ ပင်လယ်ရေအောက် ဖိုက်ဘာဆက်ကြောင်း ကို ငွေဆောင်ကနေ ဖိုက်ဘာဆက်ကြောင်းတစ်ခုနဲ့ လှမ်းပြီးတော့ ချိတ်နိုင်ဖို့ စီစဉ်နေတယ်။ ဘယ်နိုင်ငံတွေ ပါမယ်ဆိုတာတော့ အတိအကျမသိသေးဘူး””ဟု ပြည်ပဆက်သွယ်ရေးဌာန လက်ထောက်အင်ဂျင်နီယာ ဦးဇော်ဌေးကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ၂၀၁၀ပြည့်နှစ်ကတည်းက ဖျာပုံမှတစ်ဆင့် ချိတ်ဆက်ထားသည့် ပင်လယ်ရေအောက် ဖိုက်ဘာဆက်ကြောင်းတစ်ခုတည်းကိုသာ အသုံးပြုနေရသည်။ ယခုပြေးဆွဲမည့် ပုသိမ်-ငွေဆောင် ဖိုက်ဘာဆက်ကြောင်းမှတစ်ဆင့် နိုင်ငံတကာ ဖိုက်ဘာဆက်ကြောင်းသို့ ချိတ်ဆက်ပြီး ပါက ပင်လယ်ရေအောက် ဖိုက်ဘာဆက်ကြောင်းနှစ်ခု  တစ်ပြိုင်တည်း အသုံးပြုနိုင်မည်ဖြစ်ပြီး နိုင်ငံ တကာသို့ ဖုန်းခေါ်ဆိုမှုများနှင့် အင်တာနက်သုံးစွဲသူများ ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း ပြည်ပဆက် သွယ်ရေးဌာနမှ သတင်းရရှိသည်။

““ကနဦးအနေနဲ့ကတော့ ပုသိမ်-ငွေဆောင် ဖိုက်ဘာဆက်ကြောင်းကို အရင်လုပ်သွားပါမယ်။ ငွေဆောင် ကနေ ပင်လယ်ရေအောက် ဖိုက်ဘာဆက်ကြောင်းကို လှမ်းချိတ်ပြီးရင်တော့ မြန်မာနိုင်ငံဟာ နိုင်ငံတကာ ဖိုက်ဘာကွန်ရက်မှာ အဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ဖြစ်သွားမယ်””ဟု ဦးဇော်ဌေးက ဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံအတွင်း၌ လက်ရှိ ချခင်းထားသည့် ဖိုက်ဘာဆက်ကြောင်းအရှည်မှာ ၃၈၃ ကီလိုမီတာခန့်သာ ရှိနေသေးပြီး နိုင်ငံသားတိုင်း မိုဘိုင်းဖုန်းသုံးစွဲနိုင်ရန် ၁၀ ဆခန့် ထပ်မံတိုးချဲ့ရန် လိုအပ်သည်။  ထို့ကြောင့် ကိုရီးယားသမ္မတနိုင်ငံ EDCF မှ ချေးငွေ ကန်ဒေါ်လာ ၅၅ ဒသမ ၈၇၄ သန်းဖြင့်ဖိုက်ဘာဆက်ကြောင်း ကြီး လေးကြောင်း စုစုပေါင်း ၂၄၀၁ ကီလိုမီတာ ချခင်းသွားရန်လည်း  ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာနက စီစဉ်လျက်ရှိသည်။
နိုင်လင်းအောင်
7Day Daily